ထားဝယ်အထူးစီးပွားရေးဇုန်ကို ဆက်လုပ်ရန်ဆန္ဒရှိဟု ထိုင်းဝန်ကြီးချုပ်ပြောကြား


22 January, 2021

ထားဝယ်အထူးစီးပွားရေးဇုန်မှာ တာဝန်ယူဆောင်ရွက်နေတဲ့ Italian Thai Development's (ITD) ကုမ္ပဏီကို မြန်မာဖက်က လုပ်ပိုင်ခွင့်ရုတ်သိမ်းလိုက်ပေမယ့် ထိုင်းဖက်ကတော့ ဒီစီမံကိန်းအပေါ် ဆက်လုပ်ဖို့ ဆန္ဒရှိဆဲဖြစ်တယ်လို့ ဝန်ကြီးချုပ် Prayut Chan-o-cha ကပြောပါတယ်။

မြန်မာအစိုးရဖက်က သူတို့ကုမ္ပဏီအပေါ် လုပ်ပိုင်ခွင့်ရုတ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး အစိုးရဖက်က ကူညီဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့သောကြာနေ့ကတင်ပြစဉ် ဝန်ကြီးချုပ်က အခုလိုပြောလိုက်တာပါ။

မြန်မာအစိုးရဖက်က ထုတ်ပြန်ချက်ထဲမှာတော့ ဒီကုမ္ပဏီဟာ သတ်မှတ်ထားတဲ့ ကာလအတွင်း စီမံကိန်းတွေကို ပြီးစီးအောင် မဆောင်ရွက်တဲ့အတွက် အခုလို ရုတ်သိမ်း လိုက်တာလို့ ဖေါ်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ်ကတော့ ဒီကိစ္စအတွက် ထိုင်း-မြန်မာ အဆင့်မြင့်ကော်မီတီမှာ ဥက္ကဌ တာဝန်ယူထားတဲ့ ဒုဝန်ကြီးချုပ် Supattanapong Punmeechaow နဲ့ ဘဏ္ဌာရေးဝန်ကြီးတို့ကို မြန်မာနဲ့ ပြေလည်အောင်ညှိနှိင်းဖို့ တာဝန်ပေးထားတယ်လို့ပြောပါတယ်။

"ထားဝယ်စီမံကိန်းမှာ ပြသာနာတွေအများကြီးရှိနေတာ ဟုတ်ပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံကြား ဆွေးနွေးညှိနှိင်းမှုကနေ ကောင်းမွန်တဲ့ရလာဒ်ထွက်လာပြီး စီမံကိန်း တိုးတက် လာအောင် ဆက်လက်ဆောင်ရွက်နိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်'' လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်တွင်းမှာ ဒုဝန်ကြီးချုပ်က အခြေအနေတွေကို ဝန်ကြီးချုပ်ဆီ တင်ပြပြီး အရေးယူဆောင်ရွက်နိုင်ဖို့ နည်းလမ်းတွေရှာခဲ့ပါတယ်။

အလားတူ ဘဏ္ဌာရေးဝန်ကြီး Arkhom Termpittayapaisith ကလည်း ဒီစီမံကိန်းနဲ့ဆက်စပ်တဲ့ အမျိုးသားစီးပွားရေးဌာန၊ ဘတ်ဂျက်ဌာန၊ နိုင်ငံခြားရေးဌာန၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားဆောင်ရွက်မှုဌာနက တာဝန်ရှိသူတွေကို အရေးပေါ် ခေါ်ယူပြီး ဆွေးနွေးခဲ့ တယ်လို့သိရပါတယ်။

အီတလီ-ထိုင်းက ဆောင်ရွက်နေတဲ့ စီမံကိန်းအပြင် ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းစီမံကိန်းအတွက် ထိုင်းအစိုးရကနေ မြန်မာအစိုးရဆီ ဘတ်ငွေ သန်း ၄,၅၀၀ ချေးမယ့် အခြေအနေကိုပါ ဆန်းစစ်ခဲ့တယ်ဆိုပါတယ်။

ဒုဝန်ကြီးချုပ် Mr Supattanapong ကတော့ ထားဝယ် ရေနက်ဆိပ်ကမ်းကနေ ကန်ချနပူရီခရိုင်ရှိ Phu Nam Ron နယ်စပ်ရွာအထိ ကီလိုမီတာ ၁၃၉ ရှည်တဲ့ အဝေးပြေးလမ်းဖောက်လုပ်ရေးအတွက် ထိုင်းအစိုးရဖက်ကချေးငွေ ဘတ် သန်း ၄,၅၀၀ ထုတ်ပေးဖို့ သဘောတူထားတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်ကပြောထားပါတယ်။

အီတလီ-ထိုင်း ကုပဏီ ITD ဖက်ကတော့ မြန်မာအစိုးရဖက်က လုပ်ပိုင်ခွင့်ပယ်ဖျက်လိုက်တဲ့အပေါ် ဖြေရှင်း ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေဆိုင်ရာအဖွဲ့တခုကို ဇန်နဝါရီ ၁၁ ရက်နေ့က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

Source: bangkokpost

One News Myanmar

Factory and Industrial Plant Read 380 times