ထိုင်းရေနံကုမ္ပဏီ မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အားပေးစက်ရုံဆောက်မည်


13 December, 2019

ထိုင်းအစိုးရပိုင် ရေနံကုမ္ပဏီ PTTEP က မြန်မာနိုင်ငံတွင် မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

မြန်မာ့ပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မည့် အလားအလာများ ထပ်မံ တွေ့ရှိထားသောကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးသည့် ထိုင်းကုမ္ပဏီ Global Power Synergy Company နှင့် ပူးပေါင်း၍ အထက်ပါစက်ရုံကို တည် ဆောက်မည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြထားသည်။

ကုမ္ပဏီများက လုပ်ငန်းဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာပြီးစီးတော့မည်ဖြစ်ပြီး မြန်မာအစိုးရထံ ခွင့်ပြုချက်တောင်းခံရန်သာ လိုအပ်မည်ဟု ထိုင်းကုမ္ပဏီက ဆိုသည်။
 
PTTEP ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Phon-gsthorn Thavisin က မုတ္တမပင်လယ်ကွေ့ရှိ ဇောတိကကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်နှင့် M-3 လုပ်ကွက်တို့တွင် သဘာဝဓာတ်ငွေ့များ အများအပြားထွက်ရှိလာ၍ စက်ရုံတည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ဆိုသည်။
 
ဇောတိကလုပ်ကွက်သည် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၂၉၀ ထွက်ရှိရာမှ သန်း ၄၀၀ အထိ တိုးတက်လာပြီး M-3 လုပ်ကွက်တွင်လည်း ကုဗ ပေ ၆၀ အထိ ပထမအဆင့်၌ ထွက်ရှိမည်ဟု ဆိုသည်။
 
‘‘မြန်မာအစိုးရကနေ ခွင့်ပြုချက်ရဖို့ပဲ ကျန်တော့တယ်။ ဒါကလည်း သိပ်မကြာဘူးလို့ ထင်ပါတယ်။ PTTEP က ဓာတ်ငွေ့ထောက်ပံ့ပေးမှာဖြစ်ပြီး လျှပ်စစ်ထုတ်ဖို့က GPSC ကုမ္ပဏီက ပါတနာအနေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်’’ဟု PTTEP ကုမ္ပဏီ ဥက္ကဋ္ဌက ဆိုသည်။
 
ထိုင်းရေနံကုမ္ပဏီသည် မြန်မာ့ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ခြောက်ကွက်လုပ်ကိုင်ခွင့်ရထားပြီး ၎င်းတို့သည် ဇောတိကလုပ်ကွက်၌ ၈၀ ရာခိုင်နှုန်း၊ ရဲတံခွန်တွင် ၁၉ ရာခိုင်နှုန်းကျော်၊ ရတနာလုပ်ကွက်တွင် ၂၅ ရာခိုင်နှုန်းaကျာ်၊ M-3 လုပ်ကွက်တွင် ၈၀ ရာခိုင်နှုန်း စသည်တို့ဖြစ်သည်။

Factory and Industrial Plant Read 42 times