ထိုင်းမှာ မြန်မာလုပ်သားတစ်ဦး ကွန်ဒိုနံရံ ဆေးသုတ်နေစဉ် ကြိုးဖြတ်ခံရ


30 October, 2021

ထိုင်းနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းတစ်ခုမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက သူနေထိုင်တဲ့ ကွန်ဒိုအပြင်ဘက်နံရံ ဆေးသုတ်နေသူ လုပ်သားနှစ်ဦး သုံးစွဲနေတဲ့ကြိုးတစ်ချောင်း ဖြတ်ချပစ်တဲ့အတွက် လူသတ်မှုဖြင့် အမှုဖွင့်ထားပါတယ်။
 
 အမျိုးသမီးက ရှေ့နေနဲ့အတူ ရဲစခန်းသို့ လာရောက်ပြီး အမှုကို ဖြေရှင်းခဲ့ပါတယ်။

 အမျိုးသမီးရဲ့အမည်က Nichanan Toh ဖြစ်ပြီး အသက်က ၃၄ နှစ် ဖြစ်ပါတယ်။ 
 အောက်တိုဘာလ ၁၂ ရက်မှာ Nonthaburi ပြည်နယ် Pak Kret ခရိုင်မှာ တည်ရှိတဲ့ ကွန်ဒိုတစ်ခုမှ အပြင်နံရံ ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ ဆေးသုတ်သမား အမျိုးသားနှစ်ဦး သုံးစွဲလျက်ရှိတဲ့ ဘေးကင်းရေးကြိုးတစ်ချောင်းကို Nichanan Toh က ဖြတ်ချခဲ့ပါတယ်။

သူက စိတ်တိုတိုနဲ့ ကြိုးကို ဖြတ်ချခဲ့တာ ဖြစ်ပြီး လုပ်သားနှစ်ဦး အမြင့်ကနေ အောက်ပြုတ်ကျပြီး သေစေလို့တဲ့ ရည်ရွယ်ချက် မရှိကြောင်း ထွက်ဆိုပါတယ်။ ကွန်ဒို ပြုပြင်ထိန်းသိမ်းရေး လုပ်မယ့်အကြောင်း ကွန်ဒို အုပ်ချုပ်ရေးမှ နို့တစ်စာ ထုတ်ပြန်ထားတာကို သူ သတိမမူမိကြောင်း ရှင်းပြပါတယ်။

 ရဲက တရားရုံးမှာ အမှုရင်ဆိုင်ရန် ပြောကြားပြီး Nichanan Toh ကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပါတယ်။

ကွန်ဒိုအမည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုပါ။

အောက်တိုဘာလ ၁၂ ရက်မှာ ဆေးသုတ်သမား နှစ်ဦး ကြိုးတန်းလန်းဖြင့် ကွန်ဒိုနံရံမှာ လုပ်ကိုင်ခဲ့ကြပါတယ်။ တစ်ဦးက မြန်မာလူမျိုးဖြစ်ပြီး အမည်က Song လို့ပဲ ရဲက အသိပေးပါတယ်။ ၃၂ ထပ်မှ ကြိုးတန်းလန်းဖြင့် အောက်သို့ ဆင်းပြီး အထပ် ၃၀ နံရံမှာ ဖြစ်ပေါ်နေတဲ့ အက်ကြောင်းရာတစ်ခုကို ပြုပြင်ပါတယ်။ လုပ်ကိုင်နေစဉ် 
သူတို့ရောက်နေတဲ့နေရာရဲ့ အောက်ဘက် ၂၁ ထပ်မှာ အမျိုးသမီးတစ်ဦးက သူတိူ့ သုံးစွဲနေတဲ့ ကြိုးတစ်‌ချောင်းကို ဖြတ်ချ လိုက်တာ လှမ်းတွေ့လိုက်ပါတယ်။ မြေပြင်အထိ ဆင်းလို့ မရနိုင်တော့ဘူး။ 

ဒီတော့ အချက်ပြပြီး အကူအညီ တောင်းခံပါတယ်။ ၂၆ ထပ်မှာ နေထိုင်သူ နိုင်ငံခြားသား တစ်ဦးကတွေ့ပြီး ဘာသာစကား အခက်အခဲကြောင့်ထိုင်းအမျိုးသမီးကို လှမ်းခေါ်ပြီး အကူအညီပေးခိုင်းပါတယ်။
ထိုင်းအမျိုးသမီး Prapawan Satasing က ဝရံတာကနေတစ်ဆင့် ဝင်လာခိုင်းခဲ့ပါတယ်။
လုပ်သားနှစ်ဦး ကွန်ဒို အခန်းထဲ ရောက်ရှိကြပြီး အောက်ထပ်သို့ ဆင်းကာ အုပ်ချုပ်ရေးကို သတင်းပေးပို့ကြပါတယ်။ အုပ်ချုပ်ရေးက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

 ကွန်ဒိုအုပ်ချုပ်ရေးက နေထိုင်သူတွေ သိဖို့ နို့တစ်စာ ကြိုတင်ထုတ်ပြန်ခဲ့ပါတယ်။ 
 အောက်တိုဘာလ ၂၀ ရက် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အပြင်နံရံ ပြုပြင်ထိန်းသိမ်းရေး လုပ်ကိုင်မှာဖြစ်ကြောင်း၊ လုပ်သားတွေက ကြိုးများဖြင့် ဆင်းပြီး လုပ်ကိုင်မှာ ဖြစ်ကြောင်း၊ အခန်း ပြတင်းပေါက်များ ပိတ်ထားရန် တိုက်တွန်းပါကြောင်း၊ ဝရံတာတွင် ပစ္စည်းများ ရှိနေပါက သိမ်းဆည်းထားရမည်ဖြစ်ကြောင်း ကြိုတင် အသိပေးထားပါတယ်။

 

 

 

 

Region Read 899 times