ထိုင်းကွန်ဒို ဝယ်ယူမှု မြန်မာ အဆင့် ၈ သို့ နိမ့်ကျ


19 September, 2023

ထိုင်းကွန်ဒို ဝယ်ယူမှု မြန်မာ အဆင့် ၈ သို့ နိမ့်ကျ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ထိုင်းကွန်ဒိုဈေးကွက်တွင် ပြည်တွင်းဝယ်လက်များ ဝယ်ယူမှု ကျဆင်းနေသော်လည်း ပြည်ပဝယ်လက်များ ဝယ်လိုအား ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

ယခုနှစ် ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံ တဝှမ်း ကွန်ဒိုတိုက်ခန်း ဝယ်ယူသည့် အရေအတွက် စုစုပေါင်း၏ ၂၄.၆% ကို နိုင်ငံခြားသားများက ဝယ်ယူခဲ့သည်။ ယမန်နှစ် ပထမနှစ်ဝက်တွင် ၂၀.၅% ရှိခဲ့သည်။
အဝယ်အများဆုံးမှာ တရုတ်နိုင်ငံသား ဝယ်လက်များ ဖြစ်သည်။


ယခုနှစ် ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံ တဝှမ်း ကွန်ဒိုတိုက်ခန်းဝယ်ယူမှု စုစုပေါင်းတန်ဖိုး၏ ၂၀% ကျော်ကို နိုင်ငံခြားသားများက ဝယ်ယူခဲ့သည်ဟု အိမ်ခြံမြေသတင်းအချက်အလက်စင်တာ Real Estate Information Center (REIC) ၏ခေတ္တညွှန်ကြားရေးမှူးချုပ် Vichai Viratkapan ကပြောကြားသည်။

“ထိုင်းတွေဆီက ကွန်ဒိုဝယ်လိုအား ကျနေတယ်။ အစိုးရက ကွန်ဒိုဝယ်ယူမှုကို နိုင်ငံခြားသားတွေအတွက် မြှင့်တင်ပေးသင့်တယ်။ ပတ္တရားနှင့် ဖူးခက်ကဲ့သို့သော အချို့သောနေရာများမှာ နိုင်ငံခြားသား ပိုင်ဆိုင်မှုခွဲတမ်းများ တိုးမြှင့်ပေးသင့်တယ်" ဟု ၎င်းက ပြောကြားသည်။

REIC မှ အချက်အလက်များအရ ၂၀၂၃ ပထမနှစ်ဝက်တွင် နိုင်ငံခြားသား ဝယ်ယူသည့် ကွန်ဒိုတိုက်ခန်း ၇,၃၃၈ ခန်း ရှိပြီး စုစုပေါင်းတန်ဖိုးမှာ ဘတ် ၃၅.၂ သန်း ဖြစ်သည်။ 

တရုတ်နိုင်ငံသားများသည် အများဆုံး ဝယ်ယူကြပြီး နိုင်ငံသားအလိုက် အဝယ်အများဆုံး ထိပ်တန်း (၁၀) စာရင်း ထိပ်ဆုံးမှာ ဆက်လက်နေရာယူထားသည်။ ဒုတိယ နေရာတွင် ရုရှား၊ တတိယနေရာတွင် အမေရိကန်တို့ နေရာယူထားကြသည်။

မြန်မာသည် ၂၀၂၂ မတိုင်ခင်က ထိပ်တန်း (၁၀) စာရင်းမှာ မပါခဲ့ပါ။ ယမန်နှစ်က အဆင့် (၆) မှာ ရှိနေခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်တွင် အဆင့်(၈) သို့ နိမ့်ကျသွားသည်။
မြန်မာတို့ ဝယ်ယူသည့် ကွန်ဒိုတိုက်ခန်းများ၏ ပျမ်းမျှတန်ဖိုးမှာ ဘတ် ၇ သန်း ဖြစ်ပါသည်။

 

 

အိန္ဒိယတို့ ဝယ်ယူသည့် ကွန်ဒိုတိုက်ခန်းများ၏ ပျမ်းမျှ အရွယ်အစားမှာ ၈၉.၈ စတုရန်းမီတာ ဖြစ်ပါသည်။ ပျမ်းမျှအရွယ်အစား အကျယ်ဆုံး ဖြစ်သည်။

တိုက်ခန်း အရေအတွက်အရ ကြည့်လျှင် ချွန်ဘူရီတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း အများဆုံး (၄၃.၄%) ဝယ်ယူခဲ့ကြသည်။ ဘန်ကောက်ထက် ပထမဆုံးအကြိမ် ပိုများခဲ့ခြင်း ဖြစ်သည်။
ဘန်ကောက်သည် ဒုတိယအများဆုံး (၃၇.၇%)ဖြစ်ပြီး ဖူးကက်သည် တတိယအများဆုံး(၆.၃%) ဖြစ်ပါသည်။ ချင်းမိုင်သည် စတုတ္ထအများဆုံး (၅.၁%) ဖြစ်ပါသည်။

တန်ဖိုးအရ ကြည့်လျှင် ဘန်ကောက်သည် ဘတ် ၂၀.၂ ဘီလီယံဖြင့် အများဆုံး (၅၇.၅%) ဖြစ်ပါသည်။
ချွန်ဘူရီသည် ဘတ် ၉.၈၄ ဘီလီယံဖြင့် ဒုတိယ အများဆုံး (၂၇.၉%) ဖြစ်ပါသည်။
ဖူးကက်သည် ဘတ် ၂.၃၈ ဘီလီယံဖြင့် တတိယအများဆုံး (၆.၈%) ဖြစ်ပါသည်။
ချင်းမိုင်သည် ဘတ် ၁ ဘီလီယံဖြင့် စတုတ္ထ အများဆုံး (၂.၉%) ဖြစ်ပါသည်။


ကွန်ဒိုတိုက်ခန်း ဈေးနှုန်းအရ ကြည့်လျှင် ဘတ် ၃ သန်းအောက် ကွန်ဒိုတိုက်ခန်းများ အများဆုံး (၄၄.၅%) ဝယ်ယူကြသည်။ စုစုပေါင်း ၁,၅၈၆ ခန်း ဝယ်ယူခဲ့ကြသည်။
ဘတ် ၃ သန်းအောက် ကွန်ဒုိတိုက်ခန်းများသည် ၂၀၁၈ ခုနှစ်ကတည်းက အဝယ်အများဆုံး ဖြစ်နေခဲ့ပါသည်။

အရွယ်အစားနှင့် အိပ်ခန်းအရေအတွက်အရကြည့်လျှင် ၃၁-၆၀ စတုရန်းမီတာ အိပ်ခန်း ၁-၂ ပါ ကွန်ဒိုတိုက်ခန်းများ အဝယ်အများဆုံး(၅၃.၆%) ဖြစ်ပြီး ၁,၉၀၉ ခန်း ဝယ်ယူခဲ့သည်။ 

Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Residential Read 575 times