ထိုင်းကုမ္ပဏီ GEP မင်းဘူး ဆိုလာ လျှပ်စစ်ဓာတ်အား စီမံကိန်း


20 December, 2020

ဖိအားပေးသဘာဝဓာတ်ငွေ့ (CNG) ၀ န်ဆောင်မှုပေးသူ Scan Inter (SCN) သည် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်မှုများ တိုးချဲ့ရန်အတွက် ၎င်း၏လက်ခွဲ လုပ်ငန်း ဖြစ်သေ Green Earth Power Thailand (GEP) မှတစ်ဆင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက် ရှိသည်။

 

၂၀၁၄ ခုနှစ် ကမ္ဘာ့ရေနံစျေးနှုန်းကျဆင်းမှုကြောင့် မော်တော်ကားသမားများသည်CNG အစား ဒီဇယ်ဆီသို့ ပြောင်းလဲလာခဲ့ရာ CNG ၀ ယ်လိုအားကျဆင်းခဲ့သည့်အချိန်တွင် SCN သည် သန့်ရှင်းသောစွမ်းအင် ထုတ်လုပ်မှုကဏ္ဍသို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

 

Scan Inter (SCN) သည် ထိုင်းစတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီဖြစ်ပြီး Green Earth Power Thailand (GEP) ကိုလည်း စာရင်းဝင်ဖြစ်အောင် လုပ်ဆောင်ဖို့ အစီအစဉ် ရှိသည်။ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့သွားရန် ရည်ရွယ်ချက် ရှိသဖြင့် ၂၀၁၈ ခုနှစ်တွင် GEP ၏ ရှယ်ယာ ၄၀% ကို ဝယ်ယူခဲ့သည်။ ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်မှုများကို အရှေ့တောင်အာရှနိုင်ငံများတွင် လုပ်ကိုင်သွားရန် ဖြစ်ပြီး မြန်မာနိုင်ငံတွင် မင်းဘူးမှာ စတင်လုပ်ကိုင်ခဲ့သည်။

 

GEP သည် မင်းဘူးတွင် ၂၂၀ မီဂါဝပ် ဆိုလာ လျှပ်စစ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး အရင်းအနှီးမှာ ဘတ် ၁၀ ဘီလျံ လိုအပ်သည်။ SCN ၏ ဦးဆောင် ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Littee Kitpipit က ၅၀ မီဂါဝပ်အတွက် စီမံကိန်းအပိုင်းမှာ ပြီးစီးခဲ့ပြီဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် စတင်လည်ပတ်နေပြီဟု ဆိုသည်။

 

နောက်ထပ် ဆိုလာလျှပ်စစ်ဓာတ်အား စခန်း သုံးခု တည်ဆောက်ရမည် ဖြစ်ရာ နှစ်ခုမှာ မီဂါဝပ် ၅၀ စီ အသီးသီး ထုတ်လုပ်မည် ဖြစ်ပြီး ကျန်တစ်ခုမှာ မီဂါဝပ် ၇၀ ထုတ်လုပ်မည် ဖြစ်သည်။ အဆိုပါ စီမံကိန်းအပိုင်းများကို လာမည့်နှစ်တွင် အကောင်အထည်ဖော်မည် ဖြစ်သည်။ ၂၀၂၂ ခုနှစ် အစောပိုင်းတွင် စတင်လည်ပတ်ရန် ရည်မှန်းထားသည်။

 

ပထမ ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစခန်း လည်ပတ်သည့် ပထမနှစ်တွင် ဝင်ငွေ ဘတ် ၁ သန်း ရရှိရန် မျှော်မှန်းထားသည်။ ကျန်သည့် ဆိုလာလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစခန်း ၃ ခု အပြည့်အဝ လည်ပတ်သည့်အခါ တစ်နှစ်ဝင်ငွေ ဘတ် တစ်ဘီလျံ ရရှိမည်ဟု မျှော်မှန်းထားသည်။

 

ထုတ်လုပ်သည့် ဓာတ်အားများကို နေပြည်တော်သို့ ပို့လွှတ်မည် ဖြစ်သည်။ GEP သည် ဘီအိုတီစနစ် (build-operate-transfer) ဖြင့် နှစ်ပေါင်း ၃၀ လုပ်ကိုင်ခွင့် ရရှိပြီး ထုတ်လုပ်သည့် ဓာတ်အားကို အစိုးရဌာနဖြစ်သော လျှပ်စစ်ဓာတ်အား ထုတ်လုပ်​​ရေး လုပ်ငန်းမှ ဝယ်ယူမည် ဖြစ်သည်။ 

 

Mr Littee ကပြောသည်မှာ မြန်မာတွင် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ တိုးချဲ့လျက်ရှိပြီး အထူးသဖြင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တိုးချဲ့နေသည်။ လက်ရှိအနေအထားတွင် ဓာတ်အားလိုင်းသည် ၈၀၀ မီဂါဝပ်အထိ ဝန်အားခံနိုင်ရည် ရှိသဖြင့် ထပ်မံထုတ်လွှတ်မည့် ဓာတ်အားများ ပို့လွှတ်ရန်အတွက် နေရာများစွာ ကျန်နေသေးသည်ဟု သူက ပြောသည်။

 

GEPကို ၂၀၁၁ ခုနှစ်တွင် မှတ်ပုံတင် အရင်းအနှီး ဘတ် ၂၁၅.၇၅ သန်းဖြင့် ထူထောင်ခဲ့ပြီးနောက် ပြန်လည်ဖွဲ့တည်ကာ တန်ဖိုးကို ဘတ် ၂ ဘီလျံသို့ တိုးမြှင့်ခဲ့သည်။

 

Mr Littee က ပြောသည်မှာ SCN ခေါင်းမိုး ဆိုလာပြား စီမံကိန်းကို အကောင်အထည်ဖော်ရန် အစီအစဉ် ရှိသည်။ အဆောက်အဦ ခေါင်းမိုးတွင် ဆိုလာပြား တပ်ဆင်ခြင်းသည် လူအများ စိတ်ဝင်စားမှု တိုးလာနေသဖြင့် Scan Advance Power အမည်ဖြင့် လုပ်ငန်းခွဲတစ်ခု ထူထောင်ထားပြီး ပုဂ္ဂလိက ဓာတ်အား ထုတ်လုပ်မှုအတွက် လုပ်ကိုင်ပေးသွားမည် ဖြစ်သည်။

 

"လူတွေက ဆိုလာပြားတွေ တပ်ဆင်ဖို့အတွက် လိုလိုလားလား ငွေပေးကြတယ်။ ဘာလို့လဲဆိုတော့ ဆိုလာပြားတွေက အရည်အသွေး ပိုကောင်းနေပြီး ဈေးနှုန်းက ပိုပိုလျော့ကျလာနေတယ်" ဟု Mr Littee က ဆိုလာပြားအလားအလာကို ပြောပြသည်။

Factory and Industrial Plant Read 43 times