မြန်မာဝယ်လက်တွေနဲ့ ရောင်းထွက်နေတဲ့ ထိုင်းတိုက်ခန်းတွေ


14 November, 2022

မြန်မာဝယ်လက်တွေနဲ့ ရောင်းထွက်နေတဲ့ ထိုင်းတိုက်ခန်းတွေ


ထိုင်းနိုင်ငံမှာ သွားရောက် နေထိုင်ကြတဲ့ မြန်မာတွေ အတော်များလာပြီး အထူးသဖြင့် ဘန်ကောက်မှာ တိုက်ခန်းတွေ အရောင်းရော၊ အငှားပါ အခု လပိုင်းတွေ အတွင်း ပိုများ လာနေပါတယ်။

ဘန်ကောက်မှာ အခြေစိုက်ပြီး  မြန်မာတွေအတွက် ထိုင်းအိမ်ခြံမြေ လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့အကျိုးဆောင်  (မြန်မာ) အသိုင်းအဝိုင်းက အခုလပိုင်းတွေ အတွင်း ကွန်ဒို၊ တိုက်ခန်းတွေ ဆယ်ဂဏန်းနဲ့ ချီပြီး အရောင်းသွက်နေတယ်လို့ ဆိုပါတယ်။

“(ထိုင်းတက္ကသိုလ်) ကျောင်းတွေ ဖွင့်တဲ့ ရာသီမို့ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တို ဘာလတွေမှာ အရောင်းနဲ့ အငှား အသွက်ဆုံးပဲ” လို့ ထိုင်းအိမ်ခြံမြေ အကျိုး‌ဆောင် တယောက်က ဘီဘီစီကို ပြောပါတယ်။

ထိုင်းမှာ တိုက်ခန်းဝယ်ပြီး လာနေကြတဲ့ မြန်မာအသိုင်းအဝိုင်းထဲမှာ သားသမီးတွေ တက္ကသိုလ်တက်ရ အဆင်ပြေအောင် လာနေကြတဲ့သူတွေ အများအပြားပါ။

ဘန်ကောက်မှာ တက္ကသိုလ်ကျောင်းတွေနဲ့ နီးတဲ့နေရာမျိုး၊ မြို့တွင်း ခရီးသွားလာရေး လွယ်ကူတဲ့ နေရာမျိုးက တိုက်ခန်းတွေကို မြန်မာတွေက ပိုကြိုက်ကြတယ်လို့ သိရ ပါတယ်။

မြန်မာပြည်က ချမ်းသာသူတွေအနေနဲ့ နိုင်ငံတွင်း မတည်ငြိမ်မှုတွေကြောင့် အခုလို ထိုင်းဘက်ကို ထွက်နေကြတာလို့ ဆိုကြသလို သူတို့ ဝယ်ယူကြတဲ့ တိုက်ခန်းစျေးတွေကလည်း အမျိုးမျိုးပါ။

“ဝယ်တဲ့သူတွေက ထိုင်း ဘတ် ၂ သန်းခွဲ (ဒေါ်လာ နဲ့ ဆိုရင် ပျမ်းမျှ ၇၀,၀၀၀ လောက်) နဲ့ ဘတ် ၁၁ သန်းကြား (ပျမ်းမျှက ဒေါ်လာ ၃၀၀,၀၀၀)တန်တဲ့ ကွန်ဒိုတွေ၊ တိုက်ခန်းတွေ ဝယ်ကြတယ်၊ ဘတ် ၃ သန်း ((ပျမ်းမျှ ဒေါ်လာ ၈၀,၀၀၀) နဲ့ ၅ သန်း (ပျမ်းမျှ ဒေါ်လာ ၁၃၀,၀၀၀) ကြားက အဝယ်အများဆုံး” လို့ နောက် အိမ်ခြံမြေ အကျိုး‌ဆောင် တယောက်က ပြောပါတယ်။

ဘန်ကောက်အပြင် ထိုင်းမှာ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ချင်းမိုင်၊ ပင်လယ် ကမ်းခြေတွေရှိတဲ့ ပတ္တရား နဲ့ ဖူးကက် စတဲ့ မြို့တွေမှာလည်း မြန်မာတွေ အဝယ်များ တယ်လို့ အကျိုးဆောင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

 

ပြောင်းရွှေ့ နေထိုင်၊ ပြောင်းရွှေ့ လုပ်ကိုင်၊ ပြောင်းရွှေ့ ရင်းနှီး

မြန်မာနိုင်ငံမှာ မနှစ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ဆိုင်ရာဘက်တွေမှာ မတည်ငြိမ်မှုတွေကြောင့် ထိုင်းဘက်ကိုထွက် အခြေစိုက်ကြသူတွေထဲ မြန်မာပြည်နဲ့ ဆက်စပ်ပြီး စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတွေ၊ မြန်မာပြည် အခြေစိုက် လုပ်ငန်းတွေအတွက် အလုပ်လုပ်ပေး တဲ့သူတွေ စတဲ့ မြန်မာတွေလည်း အများအပြားပါ။

စစ်အာဏာမသိမ်းခင်က စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း ‌အရောင်း ကုန်တိုက် တတိုက်ကို စီမံခန့်ခွဲခဲ့သူ တယောက်က “ထိုင်းမှာပဲ သွားလုပ်တော့မယ်၊ လုပ်ငန်း ဆိုတဲ့ နေရာမှာလည်း အဲဒီရောက်နေတဲ့ မြန်မာ အရေအတွက်ကိုက သန်းချီရှိနေ တာလေ၊ သူတို့နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတခု လုပ်မယ်” လို့ ပြောပါတယ်။

အရင်ကတည်းက ထိုင်းကို သွားပြီး ကျန်းမာရေး စစ်ဆေးကြ၊ ဆေးကုသကြတဲ့ သူတွေ အများအပြားရှိသလို၊ အခုလို မြန်မာပြည်အခြေအနေမှာ ထိုင်းဘက်က ကျန်းမာရေး ဝန်ဆောင်မှုတွေကို အားကိုးကြတဲ့ မြန်မာတွေ ပိုများလာမှာ အမှန်ပါ။

ထိုင်းမှာ ၃ လနေထိုင်ခွင့် ဗီဇာ ရှိရင် အိမ်ငှားလို့ ရတယ်ဆိုတဲ့ ခွင့်ပြုချက်ကလည်း နိုင်ငံတွင်း အိမ်ခြံမြေ စျေးကွက်ကို အထောက်အကူ ဖြစ်ပါတယ်။

မြန်မာတချို့က ထိုင်းမှာ အိမ်ခန်းဝယ်ကာ ရင်းနှီးမြှုပ်နှံပြီး ထိုင်းမှာ လာနေတဲ့ မြန်မာကို ပြန်အငှားချကာ အိမ်ခြံမြေ စီးပွားရေးကို ထိုင်းမှာ လုပ်နေကြသလို၊ အိမ်ခြံမြေ စျေးကောင်းလာမှာကို ရည်မျှော်ပြီး ရင်းနှီးကြသူတွေ ရှိတယ်လို့ အကျိုးဆောင် အသိုင်းအဝိုင်း ကနေ သိရပါတယ်။

အိမ်ခြံမြေအကျိုးဆောင် တယောက်က “ဆောက်နေဆဲ တိုက်ခန်းတွေကို ကြိုပွိုင့်နဲ့ ဝယ်ပြီး ရင်းနှီးတာမျိုးတွေတောင် ရှိတယ်” လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ကြောင့် ထိခိုက်နေတဲ့ ထိုင်းစီးပွားရေးကို ပြန်ကောင်းလာစေဖို့ ထိုင်း အာဏာပိုင်တွေ ကြိုးစားနေကြတဲ့အထဲ သူတို့နိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ကို အတော် ကြိုးစား ဆွဲဆောင် ကြပါတယ်။

အသက် ၅၀ ကျော်တဲ့သူတွေ အနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ အထောက်အထားနဲ့အတူ ပင်စင်စား ဗီဇာလျှောက်ခွင့်ပေးပြီး ထိုင်းမှာ ကြာရှည် နေခွင့်ပေးတာ ကလည်း ဆွဲ‌ဆောင်မှု တခုပါ။

အဲဒီ အသက်အရွယ်ရှိသူ နိုင်ငံခြားသားတွေ အနေနဲ့ ထိုင်းဘဏ် တခုခုထဲမှာ ဘတ် ၈ သိန်း (ပျမ်းမျှ ဒေါ်လာ ၂၂, ၂၀၀) ကိုထည့်ထားမယ် ဒါမှမဟုတ် လစဥ် ဝင်ငွေ ဘတ် ၆၅, ၀၀၀ (ပျမ်းမျှ ‌ဒေါ်လာ ၁, ၈၀၀) လောက်ရှိမယ်ဆိုရင် ထိုင်းမှာ တနှစ် နေနိုင်တဲ့ ဗီဇာထုတ်ပေးသလို၊ အဲဒီ အခြေအနေအတိုင်း ဆက်ရှိနေမယ် ဆိုရင် နောက်နှစ် တွေမှာ ဗီဇာကို ထပ်သက်တမ်း တိုးနိုင်ပါတယ်။

ထိုင်းကို သွားလုပ်မယ့် မြန်မာလုပ်ငန်းရှင်က “ထိုင်းက မြန်မာနဲ့ နီးတယ်၊ နေထိုင် ရတာ လုံခြုံ စိတ်ချရတယ်၊ နေရတာလည်း ပိုကောင်းတယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ကလည်း နှိုင်းယှဥ်မှုအရ ကောင်းတယ်၊ ဆေးရုံပြဖို့ ကုန်ကျ စားရိတ် ကလည်း တကယ်တမ်းကြည့်မယ်ဆိုရင် မြန်မာထက် သက်သာတော့ တတ်နိုင်တဲ့ အသက်ကြီးတဲ့သူတွေက ထိုင်းကို သွားနေကြတယ်လေ” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ အာဏာပိုင်တွေက ရင်းနှီးမြှုပ်နှံတာတွေလာကြဖို့ နိုင်ငံခြားသားတွေ အနေနဲ့ မြေကို အကန့်အသတ်နဲ့ ပိုင်နိုင်တယ် ဆိုတဲ့ ခွင့်ပြုချက် ပေးဖို့ပါ စီစဥ် ခဲ့ကြပါသေး တယ်။

သူတို့နိုင်ငံအတွင်း ဘတ် သန်း ၄၀ ပမာဏ (ဒေါ်လာ ၁. ၁ သန်း) ကို ၃ နှစ်လောက် အနည်းဆုံးထားပြီး ရင်းနှီးမြှုပ်နှံထားမယ်ဆိုရင် ၁, ၆၀၀ စတုရန်း မီတာ အကျယ် အဝန်းရှိတဲ့ မြေကို ဝယ်ခွင့်ပြုမယ်လို့ ဆိုတဲ့ အဆိုပြုချက်ကို ထိုင်းအစိုးရ တာဝန်ရှိသူ တွေ ဒီနှစ်လယ်လောက်က တင်ခဲ့ကြပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံ အများပြည်သူအသိုင်းအဝိုင်းက အဲဒီအဆိုပြုချက်ကို အတော် လက်မခံကြဘူးလို့ထွက်‌ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှု သိပ်မများလှတဲ့ ဒီ ပမာဏ အတိုင်းအတာနဲ့ နိုင်ငံခြားသားတွေကို မြေပိုင်ဆိုင်ခွင့်ပေးတဲ့အပေါ် စိုးရိမ်သံတွေ ထွက်လာခဲ့ပါတယ်။

ဒါ့ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နိုင်ငံခြားသားတွေ ထိုင်း မြေဝယ်ယူနိုင်ခွင့် အဆိုပြုချက်ကို ထိုင်းအစိုးရက ပြန်ရုပ်သိမ်းသွားခဲ့ပါတယ်။

BBC

Public Housing Read 585 times