တနင်္သာရီတိုင်းဒေသကြီးရှိ ကျွန်းများ၌ ကျွန်းတစ်ကျွန်းလျှင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုမည်


28 December, 2019

တနင်္သာရီတိုင်းဒေသကြီး ခရီသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ကျွန်းတစ်ကျွန်းလျှင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်ကပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း လှပသည်ကျွန်းများတည်ရှိနေခြင်းကြောင့် ကျွန်းများ၌ ရင်းနှီးမြှပ်နှံမှုပြုလုပ်မည့် လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရန် ရှောင်ရန်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ဒေသခံဆလုံလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်မြှင့်တင်ပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

ယင်းဒေသရှိ ကျွန်းများ၌ ဟိုတယ်လုပ်ငန်း ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိပဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး၊ ဈေးကွက်ခိုင်မာသော ရင်းနှီးမြှပ်နှံမှုများကို ဖိတ်ခေါ်သင့်ကြောင်း၊ ကျွန်းများသည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာကြီးအတွက် သဘာဝ အမွေအနှစ်များဖြစ်ခြင်းကြောင့် ရေရှည်တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်သင့်ကြောင်းဆိုသည်။

ခရီးသွားလုပ်ငန်းအတွက် ရင်းနှီးမြှပ်နှံမှုပြုလုပ်မည်ဆိုပါက ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းလိုသည့် ဆန္ဒ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု သုံးခုပေါင်းစပ်ကာ ချင့်ချိန်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျွန်းတစ်ခုချင်းစီအတွက် သဘာဝ အကျယ်အဝန်း အနေအထားပေါ် ကြည့်ရှုသုံးသပ်ကာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဦးအုန်းမောင်က ပြောသည်။

ကျွန်းစုများတွင် သဘာဝအတိုင်းရှိခြင်း၊ သန္တာကျောက်တန်းများရှင်သန်မှုရှိခြင်း၊ သဘာဝမျိုးကွဲစိတ်များ၊ ရေနေသတ္တဝါများ ပေါများစွာ တည်ရှိနေခြင်းတို့ကြောင့် ခရီးစဉ်စီမံကိန်းအတွက် Master Plan ရေးဆွဲကာ ဆောင်ရွက်သင့်ပြီး မြိတ်ကျွန်းစု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိ ခွင့်ပြုထားသည့် စီမံကိန်းများ အပေါ်ပြန်လည် စိစစ်သုံးသပ်ရန် လိုအပ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားရေး၊ ရေရှည်ဖွံ့ ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

Region Read 75 times