တာမွေယာယီဈေးကို ငွေကျပ်၁၆ဘီလီယံ အကုန်အကျခံ၍ အဆင့်မြှင့်တင်တည်ဆောက်မည်


13 December, 2019

ရန်ကုန်တိုင်းဒေသကြီး  တာမွေမြို့နယ်ရှိ တာမွေယာယီဈေးကို    အဆင့်မြင့်ဈေးအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရာတွင် ငွေကျပ် ၁၆  ဘီလီယံ  အသုံးပြုမည်ဖြစ်ကြောင်း တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းထံမှ သိရသည်။
 
အဆိုပါတာမွေယာယီဈေးကို အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ရန် တင်ဒါခေါ်ယူရာ အောင်မြင်ခဲ့သော ဝမ်းဝမ်းဝမ်းကုမ္ပဏီသည် ငွေကျပ် ၁၆ ဘီလီယံ ရင်းနှီးမြှုပ်နှံ၍  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည်။
 
ဈေးသစ်တည်ဆောက်ရာတွင် ငါးထပ်အဆောက်အအုံအဖြစ်    အဆင့်မြှင့်တင် တည်ဆောက်ရန်လျာထားပြီး မြေညီထပ်၊ ပထမထပ်နှင့်  ဒုတိယထပ်ကို  ဈေးသူ၊ ဈေးသားများအား   ချထားပေးမည်ဖြစ်ကြောင်း၊ ကားပါကင် ပါရှိမည့်အပြင် ပေ ၃ဝ အကျယ် ဈေးပတ်လမ်းလည်း ပါရှိမည်ဖြစ်၍ ဈေးဝယ်သူများအတွက်  အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင်  ပိုင်ဆိုင်မှုရှိသည့် Demand  ဆိုင်ခန်း ၆ဝဝ ကျော်ရှိပြီး  ၎င်းတို့ကို မူလပိုင်ဆိုင်ထားသည့် အတိုင်း ပြန်လည်ပေးအပ်မည် ဖြစ်ကြောင်းနှင့် ဈေးသစ်ကိုလည်း နှစ်နှစ်ခွဲကာလအတွင်း   အပြီးတည်ဆောက်မည်ဖြစ်ကြောင်း   သိရသည်။

Local Factory and Industrial Plant Read 34 times