လပေါင်း ၃၀ ဖြင့် တာမွေ(ယာယီစျေး) ငါးထပ်‌စျေးသစ်ကြီးအဖြစ် တည်ဆောက်မည်


01 January, 2020

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနအောက်ရှိ တာမွေမြို့နယ် (က+ဂ)ရပ်ကွက် ကျိုက္ကဆံလမ်းမကြီးဘေးမှ တာမွေ(ယာယီ)ဈေးကြီးကို ခေတ်နှင့်လျော်ညီသည့် အဆင့်မြင့်ငါးထပ်ဈေးသစ်ကြီးအဖြစ် တည် ဆောက်တော့မည်ဖြစ်ကြောင်း ဈေးများဌာနမှ သိရသည်။

"တာမွေဟာ ရန်ကုန်ရဲ့ အချက်အချာကျတဲ့နေရာဖြစ် ပါတယ်။ ဒီလိုအချက်အချာကျတဲ့နေရာမှာ ဈေးကြီးက ယိုယွင်းပျက်စီးနေတယ်။ မြို့ပြအင်္ဂါရပ်နဲ့လည်း ညီညွတ်မှု မရှိဘူး။ မြို့ဖွံ့ဖြိုးမှုအရလည်း ခေတ်နောက်ကျကျန်ခဲ့တဲ့ အခြေအနေဖြစ်နေတယ်။ ဒါကြောင့် မဖြစ်မနေ အဆင့်မြှင့်တင်ရမယ့် အခြေအနေပါ။ လမ်းဘေးပျံကျဈေးတွေ ပျောက်သွားပြီး အဆင့်မြင့် ဈေးကြီးတွေ ပေါ်ထွန်းလာစေချင်တယ်"ဟု တာမွေ (ယာယီဈေး) တာဝန်ခံ ဦးသူရဝင်းက ပြောသည်။

တာမွေ(ယာယီဈေး)သည် ယခင်က ဈေးရုံအဟောင်း ၁၈ ရုံရှိပြီး ဆိုင်ခန်းပေါင်း ၆၀၈ ခန်းရှိသည်။ အဆိုပါ ဈေး ဆိုင်ခန်းများအတွက် ယာယီဆိုင်တန်းများကို ၂၀၁၉ ခုနှစ် ဩဂုတ်လဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ယာယီဈေးဆိုင်ခန်းများ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီဖြစ်၍ လာမည့် ဇူလိုင် ၁၀ ရက်တွင် ယာယီဈေးဆိုင်ခန်းသစ်များပေါ်သို့ပြောင်းရွှေ့ရောင်းချခွင့် ရတော့မည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ဖွင့် ရောင်းချနိုင်မှုမရှိသော တာမွေပလာဇာမှ ဆိုင်ခန်း ၃၀ ကျော်ကိုလည်း ပြန်လည်နေရာချပေးမည်ဖြစ်၍ စုစုပေါင်း ဆိုင်ခန်း ၆၄၂ ခန်း နေရာချပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဆိုင်ခန်းပြောင်းရွှေ့ သည့်လုပ်ငန်းများ ပြီးစီးပါက ယခု ဈေးဟောင်းနေရာ၌ အဆင့်မြင့် ငါးထပ်ဈေးသစ်ကြီး စတင် တည်ဆောက်မည်ဖြစ်ပြီး အဆိုပါဈေးသစ်ကြီး၏ မြေညီထပ်နှင့် ပထမထပ်တို့တွင် ယခင် ဈေးဟောင်းမှ ဆိုင်ခန်း များကို ပြန်လည်နေရာချထားပေးမည်ဖြစ်သည်။

ဒုတိယ ထပ်နှင့် တတိယထပ်တွင် ကားအစီးရေ ၃၈၀ ဝန်းကျင်ဆုံ ကားပါကင် ပါရှိမည်ဖြစ်ပြီး အပေါ်ဆုံးထပ်တွင် အများ ပြည်သူ အပန်းဖြေနိုင်မည့်ဖျော်ဖြေရေးဆိုင်ရာနေရာများ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

"တာမွေ(ယာယီ)ဈေးကို အဆင့်မြင့် ငါးထပ်ဈေးသစ် အဖြစ် တည်ဆောက်ပေးမယ်ဆိုတော့ ဝမ်းသာပါတယ် အခုလည်း မြို့တော်စည်ပင်နဲ့ ကုမ္ပဏီ ပူးပေါင်းပြီး ယာယီ ဈေးဆိုင်ခန်းသစ်တွေကိုသပ်သပ်ရပ်ရပ်နဲ့ တည်ဆောက် ပေးတော့ အတော်လေးကို အဆင်ပြေပါတယ်။

တချို့တော့ အခက်အခဲ နည်းနည်းရှိတာပေါ့။ တစ်ခုပဲတင်ပြချင်တာက ခုလိုဈေးတွေဆောက်ပြီးရင် သက်ဆိုင်ရာအနေနဲ့ လမ်းဘေး ပျံကျဈေးသည်တွေကိုတော့ လုံးဝမရှိအောင် ထိန်းသိမ်းပေး စေချင်တယ်"ဟု တာမွေ(ယာယီ)မှ ဈေးဆိုင်ရှင်တစ်ဦး ဖြစ်သူ ဦးမျိုးဝင်းဦးက ပြောသည်။

" အဆင့်မြင့် ငါးထပ်ရေးကြီး တည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၉ ခုနှစ်က တင်ဒါခေါ်ယူခဲ့ရာ 111(တစ်သုံးလုံး)ကုမ္ပဏီက တင်ဒါအောင်ခဲ့ပြီး အကျိုးတူခံစားခွင့်အနေဖြင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ၅၈ ရာခိုင်နှုန်းနှင့် တင်ဒါအောင်ကုမ္ပဏီက ၄၂ ရာခိုင်နှုန်း အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။

တင်ဒါအောင်ကုမ္ပဏီအနေဖြင့် မြေပြင် လုပ်ငန်းများအပါအဝင် ယာယီဆိုင်ခန်းများ ဆောက်လုပ် ခြင်းကို ပြီးခဲ့သည့်နှစ် ဩဂုတ်လဆန်းက စတင်ဆောင်ရွက် ခဲ့ပြီး ယာယီဆိုင်ခန်း နေရာချထားမှုများ ပြီးစီးပါက ငါးထပ် ဈေးသစ်ကြီးကို လပေါင်း ၃၀ အတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

Factory and Industrial Plant Read 38 times