သီလဝါတွင် Suzuki မှ CKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်ရန် စက်ရုံအသစ် တည်ဆောက်မည်


01 March, 2020

Suzuki Motor Corporation သည် သီလဝါအထူးစီးပွားရေးဇုန်တွင် Suzuki Thilawa Motor Co., Ltd အဖြစ် ရင်းနှီးမြှုပ်နှံပြီး SKD စနစ်ဖြင့် မော်တော်ယာဉ်များကို ထုတ်လုပ်တပ်ဆင်၍ ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချလျက်ရှိရာမှ CKD စနစ်ဖြင့် ထုတ်လုပ် တပ်ဆင်ရန် Welding Process, Painting Process နှင့် Assembly Process တို့ပါဝင်သည့် စက်ရုံအသစ်ကို တည်ဆောက်သွားမည် ဖြစ်သည်။

 အဆိုပါစက်ရုံကို မြေဧရိယာ စတုရန်းမီတာ ၂ သိန်းပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ငွေပမာဏမှာ ယန်း ၁၂ ဘီလီယံ ရှိကြောင်း သိရသည်။

 ကားစက်ရုံသစ်အတွက် အဆောက်အဦးဧရိယာ စတုရန်းမီတာ ၄ ဒသမ ၂ သောင်းကျယ်ဝန်းမည်ဖြစ်ပြီး လက်ရှိစက်ရုံသည် စတုရန်းမီတာ ၄ ထောင်အကျယ်အဝန်းသာ ရှိသည်။

 မြန်မာနိုင်ငံတွင် Suzuki ဈေးကွက်ကျယ်ပြန့်လာခြင်းနှင့်အညီ စက်ရုံသစ်ကို တည်ဆောက်ခြင်းဖြစ်၍ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်လည်ပတ်ရန် ရည်မှန်းထားကာ နှစ်စဉ် ကားအစီးရေ ၄ သောင်းခန့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 Suzuki သည် ၁၉၉၈ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ ရင်းနှီးမြုပ်နှံခဲ့ပြီး ၁၉၉၉ တွင် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို အစိုးရနှင့် ဖက်စပ်အဖြစ် ထုတ်လုပ်တပ်ဆင်ရောင်းချခြင်းဖြင့် လုပ်ငန်းများစတင်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် Suzuki (Myanmar) နှင့် Suzuki (Thilawa) Motor Co.,Ltd တို့အဖြစ် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံကာ လက်ရှိတွင် တောင်ဒဂုံစက်ရုံနှင့် သီလဝါစက်ရုံတို့တွင် Carry, Ciaz, Ertiga နှင့် Swift ကားအမျိုးအစားများကို ထုတ်လုပ်လျက်ရှိသည်။

Factory and Industrial Plant Read 88 times