Sub Center Development အဖြစ် နေရာများဖော်ထုတ်ရန် နေရာငါးခု လျာထားပြီး


21 November, 2020

၂ဝ၁၈ ခုနှစ်အတွင်း ရန်ကုန်မြစ်အနောက်ဘက်ကမ်းတစ်ခုလုံး ဖွံ့ဖြိုးရေးအတွက် မြို့သစ်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်များကို စတင်အကောင်အထည်ဖော်မည်ဟု

ယခုလ၂ဝ ရက်က ကျင်းပခဲ့သည့် မြန်မာ့အခြေခံအဆောက်အအုံဆိုင်ရာ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် မှ ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော်စည်ပင်၏ ဒုတိယညွှန်ကြားရေးမှူး မှလည်း ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ပင်မစီမံကိန်းနှင့် ဦးစားပေးစီမံကိန်းများ (Yangon Urban Development Master Plan & Priority Projects)

ကို ထုတ်ဖော်ရှင်းပြခဲ့ပြီး ထိုအထဲတွင်လည်း မြို့သစ်စီမံကိန်းများပါဝင်သည်ကို တွေ့ရသည်။

၎င်းစီမံကိန်းဖော်ပြချက်အရ ကြည်မြင်တိုင်၊ ဒလနှင့် အရှေ့ဒဂုံမြို့နယ်များတွင် မြို့သစ်စီမံကိန်းများ အကောင်အထည်ဖော်မည်ဖြစ်ပြီး ကြည့်မြင်တိုင်နှင့် တွံတေးတွင် ဧက ၂၅ဝ၊ အရှေ့ဒဂုံ တွင် ဧက ၂၅ဝ နှင့် ဒလတွင် ၁၂၅ ဧက ပမာဏအကျယ်အဝန်း အသီးသီးရှိမည်ကို တွေ့ရသည်။

ရန်ကုန်မြို့နေ လူဦးရေသည် ၂ဝ၁၄ သန်းခေါင်စာရင်းကောက်ခံစဉ်တွင် ငါးသန်းကျော်ရှိရာ လာမည့် ၂ဝ၄ဝ ပြည့်နှစ်တွင် နှစ်ဆနီးပါးများလာမည်ဖြစ်ပြီး လူ ၁ဝ သန်းကျော် ရှိလာမည်ဖြစ်သဖြင့်

ထိုမြို့ပြစီမံကိန်းများကို အကောင်အထည်ဖော်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

ထိုနည်းတူ ရှိရင်းစွဲရန်ကုန်တွင် Central Business District ခေါ် စီးပွားရေးအရအချက်အချာကျသည့် နေရာသစ်များ ဖော်ထုတ်ဖန်တီးရန်နှင့် Sub Center Development ခေါ် မြို့လယ်ကောင်သဖွယ်နေရာများ ဖြစ်လာစေရန်

နေရာသစ်များဖော်ထုတ်မည့် စီမံကိန်းများလည်း ပါဝင်သည်။

ထိုကဲ့သို့သော နေရာများဖော်ထုတ်ရန် နေရာငါးခု လျာထားပြီး မင်းဓမ္မ၊ သီလဝါ၊ ရန်ကင်း၊ ဒဂုံမြို့သစ်၊ ဒဂုံဆိပ်ကမ်းတို့ ဖြစ်သည်ကို တွေ့ရသည်။

မင်းဓမ္မတွင် ဧက ၂ဝဝ အကျယ်အဝန်းရှိသော မြေတွင် ကုန်သွယ်ရေးစင်တာ၊ ဘဏ္ဍာရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အအုံများ ဆောက်မည်ဟု ဆိုထားသည်။

သီလဝါတွင် ဧက ၃ဝဝ ကျယ်သော မြေပေါ်တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အိုင်တီနည်းပညာလုပ်ငန်းများအတွက် နေရာများပါဝင်မည်ဟု တွေ့ရသည်။

ရန်ကင်းတွင် ဧက ၂ဝဝ ကျယ်သော မြေတွင် ကူးသန်းရောင်းဝယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့်ဆိုင်သော စင်တာများပါဝင်သည့် စီမံကိန်းလုပ်မည်ဟု ဆိုသည်။

ဒဂုံမြို့သစ်တွင် ဟိုတယ်များ၊ အားကစားနှင့် အပန်းဖြေနေရာများနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအတွက် နေရာများ ပါဝင်မည်ဟု ဆိုသည်။

ဒဂုံဆိပ်ကမ်းတွင် ဧက ၁ဝဝ ကျယ်သောနေရာ၌ အပန်းဖြေနားနေရာများ၊ ကစားကွင်းများနှင့် ကုန်တွင်းဆိပ်ကမ်းများပါသည့် စီမံကိန်းလုပ်မည်ဖြစ်သည်။

အဆိုပါ စီမံကိန်းနေရာများနှင့် မြို့သစ်များကို ချိတ်ဆက်မည်ဖြစ်ပြီး ရထားဘူတာစီမံကိန်းများနှင့် စက်မှုလုပ်ငန်းနေရာများ၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး စီမံကိန်းနေရာများကို ချိတ်ဆက်မည်ဖြစ်သည်။

ရထားဘူတာစီမံကိန်းတွင် ရန်ကုန်စည်ပင်ဧရိယာကို ဝန်းရံထားသော အဓိကဘူတာရုံ ခုနစ်ရုံ ပါဝင်မည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီး၊ ကြည့်မြင်တိုင်ဘူတာ၊ မလွှကုန်းဘူတာ၊ အင်းစိန်ဘူတာ၊ ရေကူးဘူတာ၊ မင်္ဂလာဒုံဘူတာနှင့် တညင်းကုန်းဘူတာတို့ ဖြစ်သည်။

ထိုဘူတာများနှင့် စက်မှုလုပ်ငန်းများနှင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းများရှိသော လက်ရှိစက်မှုဇုန်များ အပါအဝင် သီလဝါအထူးစီးပွားရေးဇုန်၊ အရှေ့ဒဂုံ၊ တွံတေး၊ လှည်ကူးစက်မှုဇုန်အသစ်များကို ချိတ်ဆက်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းများသည် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည်စီမံကိန်းများဖြင့် စီမံကိန်းအလိုက် ဆောင်ရွက်မည်ဖြစ်ပြီး ၂ဝ၄ဝ အထိတိုင် ဆောင်ရွက်ရမည်ဟု ဆိုသည်။

ဦးစားပေးစီမံကိန်းအဖြစ် စီမံကိန်း ၄ဝ ကျော်ကို လျာထားပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ကုန်ကျစရိတ်ရှိမည်ဟု ဖော်ပြထားသည်။

ဦးစားပေးစီမံကိန်း ၄ဝ ကျော်အနက် ကြည့်မြင်တိုင် မြို့သစ်စီမံကိန်း တစ်ခုသာမြို့သစ်စီမံကိန်း ပါဝင်သည်။ ဒလမြို့သစ်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်တို့မှာ ဦးစားပေးတွင် မပါဝင်ပေ။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ကမူ ရန်ကုန်မြစ်အနောက်ဘက်ကမ်းမြို့သစ်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတို့ကို အကောင်အထည်ဖော်မည်ဟု အခိုင်အမာဆိုသည်။

အနောက်ဘက်ကမ်းမှာ မြို့သစ်စီမံကိန်းလုပ်ခြင်းသည် ကောင်းသည် ဟုလည်း ပြောကြားခဲ့သည်။မြေနေရာတွေလည်း တော်တော်ပြင်ဆင်ပြီးဖြစ်သည်ဟု ကြားသည်။

ရန်ကုန်က သေးသေးလေးပဲ ရှိသေးတာ။ တကယ်တိုးချဲ့ပြီးတော့ တကယ်သေသေချာချာလုပ်နိုင်ရင် ကောင်းနိုင်သလို ဖြစ်သလိုသွားလုပ်ရင် ပိုဆိုးသွားမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလည်းလိုနေပြီး ပြည်တွင်း

ရင်းနှီးမြှုပ်နှံမှု တစ်ခုတည်းနှင့် မပြီးနိုင် ကြောင်းကို ထိုနေ့ကပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်း အမှုဆောင် မှ ပြောကြားခဲ့ကြောင်းသိရသည်။

Mixed Use and Urban Read 53 times