ဘတ် သန်း ၃၀ တန် ဇိမ်ခံအပန်းဖြေဟိုတယ် ဖြိုဖျက်မှု ပြီးစီးလုနီး


14 December, 2021

ဘတ် သန်း ၃၀ တန် အပန်းဖြေစခန်း ဟိုတယ်က စရီနမ်ခရင် ရေကာတာ အမျိုးသားဥယျာဉ် ပိုင်နက်ထဲ ကျူးကျော်ပြီး တည်ဆောက်ထားတာ ဖြစ်နေလို့ ဖြိုဖျက်ခဲ့ရာ ယခုအခါ ပြီးစီးလုနီးပြီ ဖြစ်ကြောင်း အမျိုးသားဥယျာဉ်များ၊ သဘာဝတောရိုင်းတိရစ္ဆာန်နှင့် အပင်ငယ် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာနမှ အစီရင်ခံပါတယ်။

၇ နှစ်ကြာ တရားတဘောင်ရင်ဆိုင်ခဲ့ကြပြီး အပန်းဖြေစခန်းဟိုတယ်ကို ဖြိုဖျက်ဖို့ စီရင်ချက် ချခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အပန်းဖြေစခန်းဟိုတယ် Suanphittawan Resort  မှာ အဆောက်အဦ ၁၇ ပါဝင်ပြီး မြေဧရိယာ ၈ ဧက ကျယ်ဝန်းပါတယ်။ ယခုအခါ ၉၀% ဖြိုဖျက်ပြီးစီးပြီလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၄ ဩဂုတ်လ ၂၄ ရက်မှာ Srinakarin Dam National Park  မှ တာဝန်ရှိသူများက Suanphittawan Resort သို့ သွားရောက်ပြီး GPS ဖြင့် တည်နေရာကို စစ်ဆေးတဲ့အခါ အမျိုးသားဥယျာဉ် ပိုင်နက်ထဲမှာ တည်ဆောက်ထားတာ ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ပိုက်နက်ကျူးကျော်မှုဖြင့် ရဲစခန်းမှာ အမှုဖွင့်ပြီး ဟိုတယ်ပိုင်ရှင် Sompop Meechuves ကို  တရားစွဲဆိုခဲ့ပါတယ်။ ဟိုတယ်လုပ်ကိုင်ခြင်းကြောင့် ထိခိုက်ပျက်စီးခြင်းများအတွက် လျော်ကြေး ၉၅၄,၃၀၇ ဘတ် တောင်းဆိုခဲ့ပါတယ်။
အမှုရင်ဆိုင်နေစဉ် Mr Sompop ကွယ်လွန်ခဲ့ပါတယ်။ အမွေဆက်ခံသူ Pissamai Meechuves ကို တရားစွဲဆိုပြီး လျော်ကြေးတောင်းဆိုခဲ့ပါတယ်။
အမှုကြားနာစဉ်ကာလမှာ Ms Pissamai က လျော်ကြေး ဘတ် ၆၀၀,၀၀၀ ပေးလျော်ဖို့ သဘောတူညီခဲ့ပြီး ဘတ် ၁၀,၀၀၀ အရစ်ကျဖြင့် ၅ နှစ်အတွင်း ပေးလျော်ဖို့ သဘောတူညီခဲ့ကြပါတယ်။
Srinakarin Dam National Park က ဟိုတယ် အဆောက်အဦ အကုန်လုံး ဖြိုဖျက်ပြီး အမျိုးသား ဥယျာဉ် အပြင်ဘက်သို့ ဖယ်ရှားဖို့ဘအမိန့်စာ ထုတ်ပြန်ခဲ့ပါတယ်။
Ms Pissamai က အယူခံဝင်ခဲ့ပြီး တရားရုံးက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှာ ဟိုတယ်ကို ဖြိဖျက်ဖယ်ရှားရှင်းလင်းဖို့ စီရင်ချက် ချခဲ့ပါတယ်။
Ms Pissamai က ၂၀၂၁ နိုဝင်ဘာလ ၁၇ ရက်မှာ စတင်ဖြိုဖျက်ပြီး ရက်ပေါင်း ၁၂၀ဖြင့် အပြီးအစီး ဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။

 အမျိုးသားဥယျာဉ်မှ တာဝန်ရှိသူတို့က ဒီဇင်ဘာလ ၁၃ ရက်မှာ ကွင်းဆင်းစစ်ဆေးပြီး အစီရင်ခံတာ ဖြစ်ပါတယ်။

Region Read 13672 times