ပြည်ပသို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိသံပေါင်များ တင်ပို့ရန်စီစဉ်နေ


11 December, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ဂျပန်သံမဏိကုမ္ပဏီ JFEတို့ ပူးပေါင်းဖွင့်လှစ်သည့် J & MSteel Solution ကုမ္ပဏီကအိန္ဒိယ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သံမဏိတံတားသံပေါင်များ တင်ပို့ရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ စက်ရုံကို ၂၀၁၄ က စတင်ဖွင့်လှစ်ပြီး နှစ်စဉ်သံ တန်ချိန် ၁၅,၀၀၀ ထုတ်လုပ်နေရာမှ လာမည့်နှစ်များတွင် တန်ချိန် ၂၀,၀၀၀ အထိ တိုးတက်ထုတ်လုပ်မည်ဟု ဆိုသည်။

အဆိုပါ စက်ရုံကို သာကေ တမြို့နယ်တွင် တည်ထောင်ထား ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက ရှယ်ယာ ၄၀ ရာခိုင်နှုန်းနှင့် JEF ကုမ္ပဏီက ရှယ်ယာ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။
 
အဆိုပါ စက်ရုံမှ လာအို၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံသို့ Steel Box Grinder ပို့ ဆောင်ရောင်းချထားပြီး ပြည်တွင်း၌ ထီးချိုင့်ဧရာဝတီ မြစ်ကူးတံတား၊ ဗိုလ်ချုပ်အောင်ဆန်း တံတား(ချောင်းဆုံ)၊ မြောင်းမြတံတားနှင့် ကုက္ကိုင်းတံတားများအတွက် ထုတ်လုပ်ပေးပြီး ဖြစ်သည်။
 

လက်ရှိတွင် အိန္ဒိယ၊ သီရိ လင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တံတားသံပေါင်များတင်ပို့ရန် စီစဉ်ထားပြီး ပြည်တွင်း၌ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ)၊စော်ကဲတံတား၊ ကျွန်းပြဿဒ် တံတားနှင့် ပုသိမ်တံတားအမှတ် (၂) တို့အတွက် သံပေါင်များ ထုတ်လုပ်နေသည်ဟု ဆိုသည်။

ထိုစက်ရုံသည် ၂၀၁၄ တွင် လာအိုနိုင်ငံသို့ စတီးတန်ချိန် ၂၀၀၊ ၂၀၁၆ တွင် သီရိလင်္ကာသို့ တန်ချိန် ၃၀၀၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ တန်ချိန်၁၀,၀၀၀ တင်ပို့နိုင်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြား သည်။
‘‘အိန္ဒိယကို စတီးသံပေါင်တွေ တင်ပို့ဖို့စီစဉ်လုပ်ဆောင်နေပါတယ်’’ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်ရုံမှ နှစ်စဉ်သံမဏိတန်ချိန် ၃,၀၀၀ အထိ ထုတ်လုပ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ဂျပန်သံမဏိကုမ္ပဏီ JFE သည် သီလဝါတွင် တစ်နှစ်လျှင် သံမဏိတန်ချိန် ၁၈၀,၀၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံထပ်မံတည် ဆောက်နေပြီး ၂၀၂၀ ၌ စတင် လည်ပတ်မည် ဖြစ်သည်။

Global Read 39 times