အဆောက်အဦများ တည်ဆောက်ရာတွင် ပါရှိရမည့် စံညွှန်းများအတွက် ဥပဒေရေးဆွဲနေ


18 December, 2019

ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲနေသည့် အဆောက်အဦးနှင့် ဆောက်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဥပဒေထွက်ရှိပြီးပါက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ အဆောက်အဦးများ တည်ဆောက်သည့်အခါ စံချန် စံညွှန်း သတ်မှတ်ချက်များကို ဥပဒေအတွင်းထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးကျော်လင်းကပြောသည်။

BCID ဥပဒေသည် လက်ရှိတွင် ရေးဆွဲရခြင်း မရှိသေးသော်လည်း ဥပဒေရေးဆွဲပြီးသည့်အခါ ပြည်ထောင်စု တွင် BCID ဗဟိုကော်မတီဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒေသဆိုင်ရာ ကော်မတီများ ရှိလာမည်ဖြစ်ပြီး

အိမ်ရာများ၊ အဆောက်အဦများနှင့် Building Construction များကို တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သည့်ဥပဒေ မရှိသေးသည့်အတွက် အဆောက်အဦး ဆောက်လုပ်ရာတွင် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများဖြစ်သည့် သံချောင်း၊ ဘိလပ်မြေတို့၏ စံချိန်စံညွှန်းများကို သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း ဒုဝန်ကြီးကဆိုသည်။

ထို့အပြင် အဆောက်အဦး တစ်ခုလုံးအတွက် လိုအပ်သည့် ရေဂါလံ၊ ရေပမာဏ၊ မီးသတ်စနစ်များ ဆောင်ရွက်ထားရှိမှု၊ အရေးပေါ်လှေကားများကို ထားရှိရမည့်စနစ်များ စသည်တို့ကို လွှမ်းခြုံနိုင်သည့် ဥပဒေကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရေးဆွဲ၍ လွှတ်တော်ရေးရာကော်မတီများနှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

လွှတ်တော်ရေးရာကော်မတီ များမှပေးသည့် အကြံဉာဏ်များကိုလည်း ပြင်ဆင်ဖြည့်စွက်ပြီး မကြာမီကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ပါကြောင်း ဦးကျော်လင်းကပြောသည်။

လက်ရှိမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာကို လွှမ်းခြုံတဲ့အဆောက်အဦးများ ဆောက်လုပ်ရာမှာ အရည်အသွေးပိုင်းကိုရေးဆွဲထားတဲ့ ဥပဒေမရှိသေးပါဘူး။ ဒါကြောင့် အဲဒီအရည်အသွေး၊ စံချိန်စံညွှန်း သတ်မှတ်ချက်တွေပါဝင်တဲ့ BCID Law ကို ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ လွှတ်တော်ရေးရာကော်မတီတွေနဲ့ ဆွေးနွေးပြီးရေးဆွဲနေပါတယ်။

အခုအချိန်မှာမြို့ပြအဆောက်အဦးတွေရဲ့ အရည်အသွေးပိုင်းနဲ့ပတ်သက်ပြီး ပြန်လည်စစ်ဆေးတာတွေလည်းလုပ်ဆောင်နေပါတယ်။ အဆောက်အဦးမှာ နေထိုင်သူတွေကလည်း ကိုယ်နေထိုင်တဲ့နေရာကို ပြုပြင်ထိန်းသိမ်းဖို့လည်း လိုပါတယ်။” ဟု ဦးကျော်လင်းကပြောသည်။

အစည်းအဝေးက အတည်ပြုပြီးပါက ဆွေးနွေးနိုင်ရန်အတွက် လွှတ်တော်သို့ ရောက်ရှိလာမည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြီးပါက ဆောက်လုပ်မှုကဏ္ဍကို လွှမ်းခြုံနိုင်သည့် ဥပဒေတစ်ခု ထွက်ရှိလာ မည်ဖြစ်ပြီး ကန်ထရိုက်တိုက်ဟု ခေါ်ဆိုသော စုပေါင်းပိုင်တိုက်များတွင် နေထိုင်ကြသူများအနေဖြင့် မိမိတို့ အဆောက်အဦး ပြင်ဆင်ရေးနှင့် ပတ်သက်၍ နေထိုင်ကြသူများအားလုံးတွင် တာဝန်ရှိပြီး နေထိုင်သူအားလုံးမှ ပြင်ဆင်စရိတ်ကို အညီအမျှ ကျခံရမည်ဖြစ်ပါကြောင်း၊

အဆိုပါ အဆောက်အဦများကို ပြင်ဆင်နိုင်ရန်အတွက် BCID ကော်မတီအဖွဲ့များ အမြန်ဆုံး ထူထောင်သွားပြီး အဆိုပါ BCID ကော်မတီ အဖွဲ့များမှ အကြံပြုချက်များ၊ လမ်းညွှန်ချက်များကို ထုတ်ပြန်ကြေညာပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် BCID Law နှင့် Estate Management Law များကို ရေးဆွဲလျက်ရှိပြီး အဆိုပါ ဥပဒေများ ပြဋ္ဌာန်းပြီးပါက ဆောက်လုပ်မှု ကဏ္ဍကြီးတစ်ခုလုံးကို လွှမ်းခြုံ၍ တစ်နိုင်ငံလုံး အတိုင်းအတာအရ ပုဂ္ဂလိက ကဏ္ဍနှင့် နိုင်ငံပိုင် အဆောက်အဦး ကဏ္ဍတွင်ပါ စံချိန်စံညွှန်းပြည့်မီသည့် အဆောက်အဦးများကို တည်ဆောက်နိုင်ရန်အတွက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ဦးကျော်လင်းက ဒီဇင်ဘာ ၁၈ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ တွင် တာမွေမဲဆန္ဒနယ်မှ ဦးတိုးဝင်း၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Laws and Regulations Read 277 times