စင်ကာပူ ကွန်ဒို  နိုင်ငံခြားသား အဝယ်လျော့ကျ


22 July, 2023

စင်ကာပူ ကွန်ဒို  နိုင်ငံခြားသား အဝယ်လျော့ကျ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


စင်ကာပူတွင် ထပ်တိုး ဝယ်ယူသူ တံဆိပ်ခေါင်းခွန် additional buyer’s stamp duty (ABSD) ကို ဧပြီလကုန်တွင် ၆၀ ရာခိုင်နှုန်းသို့   နှစ်ဆတိုးလိုက်ခြင်းကြောင့် ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်တွင် နိုင်ငံခြားသား ဝယ်လက်များအကြား ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူမှုနည်းပါးလာခဲ့သည်။

OrangeTee & Tie မှ ထုတ်ပြန်သည့် နောက်ဆုံး အစီရင်ခံစာအရ ဒုတိယသုံးလပတ်တွင် နိုင်ငံခြားသားများ ဝယ်ယူခဲ့သည့် ပုဂ္ဂလိကပိုင် မြေပိုင်မှုမပါ အိုးအိမ် စုစုပေါင်း ၂၀၅ ယူနစ် ရှိခဲ့သည်။ ယခင် ၃ လပတ်တွင် ၂၆၅ ယူနစ် ရှိခဲ့သည်။ သို့ဖြစ်ရာ ၂၂.၆%  လျော့နည်းသည်။
နိုင်ငံသား ဝယ်ယူမှု နှင့် နိုင်ငံခြားသား ဝယ်ယူမှု အချိုးအစား ရာခိုင်နှုန်းမှာလည်း ၆.၉% မှ ၄.၂% သို့ ကျဆင်းခဲ့သည်။
အဆိုပါ ရာခိုင်နှုန်းသည် လွန်ခဲ့သည့် ၃ လပတ် အနည်းငယ်အတွင်း ဆက်တိုက်မြင့်တက်လာခဲ့ရာ အဝယ်အေးသွားစေရန် စင်ကာပူအစိုးရက ဧပြီလ ၂၇ ရက်တွင် ABSD ကို သမိုင်းတလျှောက် အမြင့်ဆုံးသို့ မြှင့်တင် ပြဋ္ဌာန်းခဲ့သည်။
သို့သော် အမေရိကန် နိုင်ငံသားများသည် ကင်းလွတ်ခွင့် ရရှိကြသည်။ တံတိပ်ခေါင်းခွန်ကို စင်ကာပူနိုင်ငံသားများနည်းတူသာ ပေးဆောင်ရသည်။ 
အမေရိကန်၊ အိုက်စလန်နှင့် နော်ဝေး တို့သည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက 
စင်ကာပူနိုင်ငံနှင့် နှစ်နိုင်ငံအကြား လွတ်လပ်ကုန်သွယ်မှု သဘောတူညီမှုများ ရှိကြသဖြင့် စင်ကာပူနိုင်ငံသားများနည်းတူသာ တံဆိပ်ခေါင်းခွန် စည်းကြပ်သည်။ 

တရုတ်နိုင်ငံသားများသည် နှုန်းထားအသစ်ဖြင့် ပေးဆောင်ကြရသည်။ 

သို့ဖြစ်ရာ နိုင်ငံခြားသား ဝယ်ယူမှုတွင် ယခင်က တရုတ်နိုင်ငံသားများ အများဆုံး ဖြစ်ခဲ့ရာမှ ၂၀၂၃ ဒုတိယသုံးလပတ်တွင် အမေရိကန်နိုင်ငံသားများ ဝယ်ယူမှုက အများဆုံး ဖြစ်သွားသည်။

ABSD သည် အိုးအိမ်ပိုင်ဆိုင်ထားပြီးသူ နောက်ထပ် အိုးအိမ် ဝယ်ယူခြင်းအပေါ် စည်းကြပ်ခြင်း ဖြစ်သဖြင့်  အိုးအိမ် ပိုင်ဆိုင်ထားခြင်း မရှိသည့် စင်ကာပူ နိုင်ငံသားက အိုးအိမ်ဝယ်ယူခြင်းအပေါ် စည်းကြပ်ခြင်း မပြုချေ။ 

တရုတ်ပြည်မကြီးမှ တရုတ်နိုင်ငံသားများသည် စင်ကာပူတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နိုင်ငံခြားသား ဝယ်လက်များအကြား အများဆုံးနိုင်ငံသား ဖြစ်ခဲ့သည်ဟု OrangeTee & Tie ၏ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ မစ္စ Christine Sun က ပြောကြားခဲသည်။
၂၀၂၃ ဒုတိယသုံးလပတ်တွင် အမေရိကန်တို့က ကွန်ဒို ၅၆ ယူနစ် ဝယ်ယူခဲ့ပြီး တရုတ်ပြည်မကြီးမှ တရုတ်နိုင်ငံသားများက ၅၁ ယူနစ် ဝယ်ယူခဲ့သည်။ ပထမ ၃ လပတ်တွင် ၁၀၉ ယူနစ်ဝယ်ယူခဲ့ပြီး ဒုတိယသုံးလပတ်တွင် ၅၁ ယူနစ် ဝယ်ယူခဲ့သဖြင့် ထက်ဝက်ကျော် လျော့ကျသွားသည်။
အမေရိကန်တို့က ပထမ ၃ လပတ်တွင် ၆၃ ယူနစ် ဝယ်ယူခဲ့ကြသဖြင့် ဒုတိယ ၃ လပတ်တွင် အနည်းငယ်လျော့ကျသည်။

ABSD တိုးမြှင့်ခြင်းတွင် အကျုံးမဝင်သော အမေရိကန်များသည် စင်ကာပူမှာ ကွန်ဒို နိုင်ငံခြားသားဝယ်ယူမှုတွင် အများဆုံး ဝယ်ယူသည့် နိုင်ငံသားအဖြစ် ဆက်လက်ပါဝင်နိုင်သည်ဟု Ms Sun မှ ပြောကြားသည်။

"တခြားနိုင်ငံများမှ နိုင်ငံခြားသားတွေကတော့ စင်ကာပူနိုင်ငံသား ခံယူပြီးချိန်၊ အမြဲတမ်းနေထိုင်သူ PR ရပြီးချိန်ကျမှ ဝယ်ရင် ABSD သက်သာမယ်" ဟု သူမက ပြောကြားသည်။ 

ဧပြီလ ၂၇ ရက်နေ့မှစပြီး စင်ကာပူနိုင်ငံသားများသည် ၎င်းတို့၏ ဒုတိယအိမ်ခြံမြေကို ဝယ်ယူရာတွင် ABSD နှုန်းထား ၂၀ ရာခိုင်နှုန်း ပေးဆောင်ရသည်။  ယခင်က ၁၇ ရာခိုင်နှုန်း စည်းကြပ်ခဲ့သည်။ တတိယ သို့မဟုတ် ထို့တက်ပိုသော အိမ်ခြံမြေ ဝယ်ယူပါက  ABSD  ၃၀ ရာခိုင်နှုန်း ပေးဆောင်ရသည်။ ယခင်က ၂၅ ရာခိုင်နှုန်း စည်းကြပ်ခဲ့သည်။ 

စင်ကာပူတွင် အမြဲတမ်းနေထိုင်သူ permanent resident (PR) များအတွက် ၎င်းတို့၏ ဒုတိယလူနေအိမ်ရာကို ဝယ်ယူမှုနှုန်းသည် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ တတိယနှင့် ထို့တက်ပိုသော လူနေအိမ်ရာ ဝယ်ယူခြင်းသည် ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သည်။ 

ABSD တိုးလိုက်သော်လည်း၊ ဒုတိယသုံးလပတ်တွင် စင်ကာပူနိုင်ငံသားများ ပုဂ္ဂလိကပိုင် အိုးအိမ်များ ၀ယ်ယူကြသည့် ပြည်တွင်းဝယ်လိုအားသည် ဆက်လက် အားကောင်းနေဆဲဖြစ်သည်။

စင်ကာပူနိုင်ငံသားများသည် ဒုတိယသုံးလပတ်တွင် ကွန်ဒို  ၃,၈၉၅ ယူနစ် ဝယ်ယူခဲ့သည်။
ပထမသုံးလပတ်တွင် ၂,၇၆၆ ယူနစ် ဝယ်ယူခဲ့ကြသည်။ သို့ဖြစ်ရာ ၄၀.၈ ရာခိုင်နှုန်း တိုးခဲ့သည်။ 

အစိုးရက အဝယ်အေးအောင် ဆောင်ရွက်ခဲ့သဖြင့် ပုဂ္ဂလိက အိမ်ရာဈေးနှုန်းများ သုံးနှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဈေးကျဆင်းခဲ့ရာ ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ 

 Source straitstimes

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Residential Read 477 times