နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ မကွေးတိုင်းတွင် စတင်တည်ဆောက်တော့မည်


18 December, 2020

ကျေးရွာပေါင်း ၂၀၀ ကျော်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံငယ်များ တည်ဆောက်နိုင်ရန် ရည်ရွယ်ထားသည့် ပထမဆုံးခြေလှမ်းအဖြစ် မကွေးတိုင်းဒေသကြီးမင်းလှမြို့နယ် ခလိုင်း ကျေးရွာအတွက် စက်ရုံတည်ဆောက်ရန် ပန္နက်တင်အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် နံနက်က အဆိုပါကျေးရွာအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံငယ်စီမံကိန်းကို EDF,INFRACO ASIA နှင့် Sola RiseSys ကုမ္ပဏီသုံးခု ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

စက်ရုံငယ်တည်ဆောက်ရန် ပန္နက်တင်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး၊ စက်ရုံတည် ဆောက်မည့် ကုမ္ပဏီသုံးခုမှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျေးရွာ နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား ၄၂ ဒသမ ၅ ကီလိုဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဒီဇယ် မီးစက်လည်း အရန်ထားရှိသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ထို့အပြင်ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားဖြင့် ခလိုင်းကျေးရွာရှိ လူဦးရေ ၁၁၀၀ ကျော်အတွက် ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးနိုင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား သုံးစွဲခကို နိုင်ငံတော်မှချမှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီကျေးရွာနေ ပြည်သူများအတွက် အသက်သာဆုံးနှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အဓိကထားပြောချင်တာက မြန်မာတောလက်ကျေးရွာအနှံ့မှာ ထမင်းချက်တယ်၊ ဟင်းချက်တယ်ဆိုရင် အဓိကထားသုံးရတာကထင်းသုံးရတာပါ။ အဲဒီအတွက် သစ်တောပြုန်းတီးမှုကို အများ ကြီးဆိုးရွားစေပါတယ်။

အခု လျှပ်စစ်ရရင် လျှပ်စစ်မီးဖိုတွေအထိသုံးလို့ရမယ်ဆိုတော့ ဒါတွေဟာ ထင်းလောင်စာအများကြီးလျော့သွားစေပါမယ်။ သစ်တောပြုန်းတီးမှုကို အများကြီးတားဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောကြားခဲ့သည်။

ခလိုင်းကျေးရွာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံငယ် စီမံကိန်းမှ လူမှုဆက်ဆံရေးအရာရှိ ဦးဝင်းကိုကိုအောင်က “၂၀၃၀ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးရည်မှန်းချက်ကို ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ အခုလို တစ်တတ် တစ်အားပါဝင်ခွင့်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ နောက်ပြီးတော့ ဒီရွာမှာ စတင်လုပ်ကိုင်တဲ့အတွက် ကျွန်တော့် မွေးရပ်တိုင်းထဲမှာဖြစ်နေလို့လည်း အတိုင်း မသိဝမ်းသာပီတိဖြစ်မိပါတယ်” ဟု ပြောကြားသည်။

အဆိုပါစက်ရုံတည်ဆောက်မှုကို ဒီဇင်ဘာလပိုင်းတွင် စတင်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဧပြီလတွင် အပြီးသတ်ရန် စီစဉ်ထားကြောင်း စက်ရုံတည်ဆောက်ပြီးစီးပါက အစမ်းသုံး ကာလအဖြစ် ကျေးရွာနေပြည်သူများအား တစ်လစာ အခမဲ့အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ခလိုင်းကျေးရွာနေပြည်သူများ အဆင်ပြေစွာအသုံးပြုနိုင်၍ ခလိုင်းကျေးရွာ အုပ်စုဝင်ကျေးရွာများအထိ တောင်းဆိုမှုများရှိလာပါက လျှပ်စစ်ဓာတ်အားထပ်မံပံ့ပိုးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခလိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်က “ဒီလိုစက်ရုံက လျှပ်စစ်မီးရရှိလာရင် လက်သမားတို့ ဂျိုင်းသမားတို့ကအစ ဖွံ့ဖြိုးရေးဖြစ်လာမယ်လို့ ရည်မှန်းပါတယ်။ ကျောင်းသူကျောင်းသားလေးတွေလည်း ၂၄ နာရီမီးရမှာဆိုတော့ စာကျက်ဖို့ အဆင်ပြေ မယ်လို့ ယုံကြည်ပါတယ်။ သူတို့က လမ်းမီး၊ ဘုန်းကြီးကျောင်းမီး၊ ဆေးခန်းမီးတွေပေး မယ်လို့ပြောပါတယ်” ဟုပြောကြားခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်နှင့် လေအားကိုအသုံးပြု ၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများ တည်ဆောက်ရန် မြေနေရာရှာဖွေမှုများ ဆောင်ရွက်နေကြပြီး မင်းဘူးမြို့နယ်အတွင်း တွင်လည်း အရှေ့တောင်အာရှတွင် အကြီးမားဆုံးစက်ရုံများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ယခုနှစ်လယ်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Region Read 143 times