ဆက်သွယ်ရေးအခြေခံအဆောက်အဦးမြှင့်တင်ရန် ဂျပန်က ဒေါ်လာ သန်း ၆၀ ကျော်ချေးငွေပေး


15 December, 2019

ရန်ကုန်၊ မန္တလေး ၊ နေပြည်တော်နှင့်သီလဝါတွင် ဆက်သွယ်ရေးအခြေခံအဆောက်အဦးမြှင့်တင်ရန် ဂျပန်က ဒေါ်လာ သန်း ၆၀ ကျော်ချေးငွေပေးအပ်သည်။

ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် နှင့်သီလဝါအထူးစီးပွားရေးဇုန်တို့တွင် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရန် ဂျပန်အစိုးရက ဒေါ်လာ ၆၂ သန်း ထုတ်ချေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က ထုတ်ပြန်သည်။

ထိုစီမံကိန်းသည် ၂၀၂၁ အထိ ကြာမြင့်မည်ဖြစ်ပြီး လက်ရှိ ဆက်သွယ်ရေး စွမ်းဆောင်ရည်ထက်သုံးဆကျော် တိုးတက်လာမည်ဖြစ်သည်။ ထိုပြင် မြန်မာနိုင်ငံတွင် မိတ်ဆက်ရန် ပြင်ဆင်နေသည့် 5G ဝန်ဆောင်မှုကိုလည်း အထောက်အပံ့ပေးနိုင်မည်ဟု အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးနယ်ပယ်အတွက် ဖွံ့ဖြိုးရေးဆိုင်ရာ ချေးငွေကို ပထမအကြိမ်ထုတ်ချေးခြင်းဖြစ်သည်။ စီမံကိန်းအကောင်အထည်ဖော်ရန် ဂျပန် Sojitz ကော်ပိုရေးရှင်း၊ NTT ဆက်သွယ်ရေးကော်ပိုရေးရှင်း (NTT Com)၊ NEC ကော်ပိုရေးရှင်း၊ NEC ကွန်ရက်များနှင့် စနစ်ပေါင်းစည်းရေးကော်ပိုရေးရှင်း (NESCI) တို့ဖြင့် ပူးပေါင်းလုပ်ကိုင်မည်ဖြစ်သည်။ ထိုစီမံကိန်းအတွက် ၂၀၁၃ တွင် စီမံကိန်းဖြစ်နိုင်ခြေကိုလေ့လာခဲ့ပြီး ၂၀၁၅ တွင် စီမံကိန်းဆောင်ရွက်မည့် နိုင်ငံတကာကုမ္ပဏီများကို စိစစ်ရွှေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်း၍ ဆက်သွယ်ရေး အခြေခံအဆောက်အအုံများအဆင့်မြှင့်တင်မည့် Sojitz သည် ၁၉၁၈ တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိပြီးအခြေခံအဆောက်အအုံနှင့် စွမ်းအင်စီမံကိန်းများ၌ ဝင်ရောက်လုပ်ကိုင်နေသည့် ကော်ပိုရေးရှင်းဖြစ်သည်။

အလားတူ NTT Com နှင့် NEC သည် မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် မြန်နှုန်းမြင့်ဆက်သွယ်ရေး LTE အခြေစိုက်စခန်းများ၊ အပြည်ပြည်ဆိုင်ရာ အင်တာနက်ဆက်သွယ်မှုအထောက်အကူပြုပစ္စည်းများတပ်ဆင်ခြင်းနှင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့၌လည်း ဆက်သွယ်ရေး ကွန်ရက်များ တည်ဆောက်ခြင်း လုပ်ကိုင်နေသည်။

Region Read 61 times