ဗီယက်နမ်မှ စိတ်ပျက်စရာ အထက်တန်းစား လူနေတိုက်ခန်းများ


02 October, 2023

ဗီယက်နမ်မှ စိတ်ပျက်စရာ အထက်တန်းစား လူနေတိုက်ခန်းများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဗီယက်နမ်နိုင်ငံမှ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတဦးသည် ၂၀၂၁ ခုနှစ်အစောပိုင်းတွင် ၇၀ စတုရန်းမီတာကျော် ရှိသော တိုက်ခန်းကို တစ်စတုရန်းမီတာလျှင်ဒေါင် ၄၂ သန်းဖြင့် Thanh Xuan ခရိုင် Ho Me Tri လမ်းရှိ ခေတ်မီ ၂၅ ထပ် အဆောက်အဦ တစ်ခုတွင် ဝယ်ယူခဲ့သည်။

တိုက်ခန်းအို တစ်ခုတွင် နှစ်အတော်ကြာနေထိုင်ပြီးနောက် သူမ၏ မိသားစုသည် တိုက်ခန်းအသစ်တွင် ပိုမိုကောင်းမွန်သော လူနေမှုဘဝရရှိရန် မျှော်လင့်ထားသည်။

ကြော်ငြာခဲ့ရာ၌ အထက်တန်းစား အိမ်ရာစီမံကိန်းဟု ဆိုထားသည်။ ရာသီမရွေး အသုံးပြုနိုင်သော အဆောက်အဦ အတွင်းနှင့် အပြင်တို့တွင် ရေကူးကန်များ ရှိသည်။  မူလတန်းကျောင်း၊ စူပါမားကတ်နှင့် ပွဲကျင်းပရန် ခန်းမကျယ်ကဲ့သို့သော ခေတ်မီသာယာအဆင်ပြေမှုများ ပါရှိသော အဆင့်မြင့်စီမံကိန်းကြီးတစ်ခုအဖြစ် ကြော်ငြာထားသည်။
 
တိုက်ခန်းသို့ ရွှေ့ပြောင်း နေထိုင်ပြီးသောအခါ အနီးအနားရှိ အမှိုက်ပုံကြီး၏ အနံ့ဆိုးများမှ ကင်းဝေးစေရန် တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားခဲ့ရသည်။

 

developer က အမှိုက်ပုံကြီးကို ရွှေ့ပေးမည်ဟု ကတိပေးခဲ့သော်လည်း ကတိမတည်ချေ။
“အမှိုက်ပုံက အနံ့ဆိုးတွေကြောင့် မိသားစု အပြင်ထွက်ပြီး လမ်းလျှောက်တာ၊ ဆော့ကစားတာ မဖြစ်နိုင်‌ပါဘူး”ဟု တိုက်ခန်းပိုင်ရှင် အမျိုးသမီး Thuy က ပြောကြားသည်။

ဟနွိုင်းနှင့် ဟိုချီမင်းစီးတီးကဲ့သို့သော လူနေထူထပ်သော မြို့ပြများတွင် “အထက်တန်းစား” တိုက်ခန်းများဟု ကြော်ငြာသည့် တိုက်ခန်းများသည် စိတ်ပျက်စရာ ဖြစ်ရသည်မှာ ကြုံရနေကျ ဖြစ်သည်။

ဟိုချီမင်းစီးတီးမှ အသက် ၃၆ နှစ်အရွယ် Huu Hoang သည် ၂၀၁၇ ခုနှစ်တွင် စတုရန်းမီတာ ၇၀ ကျော်ရှိသော အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခန်းအတွက် ဒေါင် ၄ ဘီလီယံနီးပါး (တစ်စတုရန်းမီတာ ဒေါင် သန်း ၅၀ နီးပါး)ပေးချေခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သည့် ၃၃ ထပ် အဆောက်အဦဖြစ်ပြီး လမ်းဆုံတစ်ခု အနီးတွင် တည်ရှိသည်။ 

ပွဲစားများနှင့် အရောင်းသမားများက အဆိုပါ အိမ်ရာစီမံကိန်းတွင်  "စျေးဝယ်စင်တာ၊ ရုပ်ရှင်ရုံနှင့် spa တစ်ခုပါရှိသော အထက်တန်းစား အိမ်ရာ" အဖြစ် ကြော်ငြာခဲ့သည်။

ပြောင်းရွှေ့ပြီး တစ်နှစ်ကျော် ကြာပြီဖြစ်သော်လည်း Hoang သည် ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို လက်ခံရရှိခြင်း မရှိသေးပေ။ ဈေးဝယ်စင်တာ အသာထား၊ ကုန်စုံဆိုင်၊ စတိုးဆိုင်ပင်လျှင် မရှိချေ။ ကားပါကင်မှာ နံရံတွင် ရေစိမ့်ဝင်နေပါသည်။ 

“တိုက်ခန်းဝယ်ဖို့ ကျွန်တော် ကြိုးစားပမ်းစား  ပိုက်ဆံရှာတာ စုတာ နှစ်အတော်ကြာတယ်။ အခုတော့ အရည်အသွေးက ပေးရတဲ့  ချွေးနှဲစာပိုက်ဆံနဲ့ မတန်ဘူး”ဟု သူက ပြောသည်။ 


တိုက်ခန်းများကို အဆင့်မြင့် အထက်တန်းစားအဖြစ် ပုံမှန်အားဖြင့် ကြော်ငြာနေကြချိန်တွင် အမျိုးသားလွှတ်တော် ဥပဒေ ကော်မတီ၏ မကြာသေးမီက ထုတ်ပြန်သည့် ကြီးကြပ်မှုအစီရင်ခံစာအရ ၂၀၂၂ ခုနှစ်အထိ တစ်နိုင်ငံလုံးတွင် အဆင့်မြင့် အထက်တန်းစားတိုက်ခန်းများ ပါသည့် အဆောက်အဦ ၇ ခုသာ ရှိသည်။ ကျန်အားလုံးမှာ ပါးစပ်ပြောသာ ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက တိုက်ခန်းများကို A (အမြင့်ဆုံး) မှ C (အနိမ့်ဆုံး) အထိ အဆင့်သုံးဆင့် ခွဲခြားထားပါသည်။ 

အဆင့် A အဖြစ် သတ်မှတ်ရန်အတွက် အရည်အချင်းပြည့်မီရန် တိုက်ခန်းစီမံကိန်းတစ်ခုသည် အုပ်စု 4 ခုခွဲထားသော စံသတ်မှတ်ချက် အချက် ၂၀ တွင် အနည်းဆုံး ၁၈ ချက် ပြည့်မီဖို့ လိုသည်။ 
သို့သော် ဈေးကွက်ထဲတွင် ၎င်းစံကို မသုံးကြချေ။ ဈေးနှုန်းအရသာ အဆင့် သတ်မှတ်ကြသည်။ 

အမြင့်တန်း အထက်တန်းစား တိုက်ခန်းသည်  ဈေးနှုန်း တစ်စတုရန်းမီတာ $2,000-4,000 ရှိသည်။

အရည်အသွေးမြင့် လူနေမှုဘဝနှင့် ကြယ်ငါးပွင့် သာယာအဆင်ပြေမှုများဟု ဆိုထားသော ကြော်ငြာများသည် များသောအားဖြင့် အလွန်မရေရာ မသေချာပါဟု အိမ်ခြံမြေအတိုင်ပင်ခံ CBRE Vietnam မှ အိမ်ရာဌာနခွဲ ဒါရိုက်တာ Vo Huynh Tuan Kiet က ပြောကြားသည်။  "ရည်ရွယ်ချက်ကတော့ ရောင်းဈေးမြှင့်ဖို့ပါ၊ ဝယ်သူတွေကို ဆွဲဆောင်ပြီး ငွေပေးချင်လာအောင် အပြောသက်သက်ပါ" ဟု ၎င်းက ပြောကြားသည်။
Source vnexpress 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Residential Read 607 times