သီလဝါအထူးစီးပွားရေးဇုန်ရှိ ဧက ၆,၀၀၀ တွင် စမတ်စီးတီးဖော်ဆောင်မည်


10 December, 2019

သီလဝါအထူးစီးပွားရေး ဇုန်ရှိ မြေဧက ၆,၀၀၀ တွင် စမတ်စီးတီးအကောင်အထည်ဖော်ရန် မဟာဗျူဟာစီမံကိန်း (Master Plan) ရေးဆွဲမည်ဟု သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ပြောသည်။

 

        ၂၀၁၅ တွင် စတင်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်စဉ် ဧက ၆,၀၀၀ ကို အပိုင်းလိုက် အကောင်အထည်ဖော်ရန် စီစဉ်ထား သော်လည်း အောင်မြင်မှုများရရှိ နေ၍ ဧရိယာ အကုန်လုံးကို အကောင်အထည်ဖော်ရန် စီစဉ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

        ‘‘တခြားနိုင်ငံတွေမှာ အောင် မြင်ဖို့က အချိန် ၁၀ နှစ်လောက် ကြာတယ်။ ဒီမှာက သုံးနှစ်အတွင်းမှာ ဝင်လာတာ တော်တော်များတယ်။ ဇုန်အေ (အပိုင်း−က) က ၉၅ ရာခိုင်နှုန်းပြီးတော့။ ဇုန်ဘီ (အပိုင်း−ခ)လုပ်တယ်။ အခြေခံအဆောက်အအုံတောင် မပြီးသေး ဘူး။ ဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုက ထက်ဝက်ကျော်နေတော့ အောင်မြင်မှုက တော်တော်ကြီးမားပါ တယ်’’ဟု ဒေါက်တာရွှေဟိန်းက ပြောသည်။

 

        ယခုရေးဆွဲမည့် မဟာဗျူဟာစီမံကိန်းတွင် သီလဝါအထူး စီးပွားရေးဇုန်ကို လူမှုစီးပွားတစ်ခု လုံး အထောက်အကူပြုရန် နေချင်စဖွယ် စမတ်စီးတီးတစ်ခုအဖြစ် ဖော်ဆောင်မည်ဖြစ်သည်။ သီလ ဝါအထူးစီးပွားရေးဇုန်ကို ဒေသအတွင်း အကြီးဆုံးစီမံကိန်းတစ်ခု အဖြစ် အကောင်အထည်ဖော်ရန် ဂျပန်အစိုးရက စီစဉ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်အသံ အမတ်က ဇန်နဝါရီ ၁၂ ရက်၌ ပြောကြားခဲ့သည်။

 
 သီလဝါအထူးစီးပွားရေးဇုန် ကို အပိုင်း (က)၊ (ခ)၊ (ဂ) သာမက ယခင်အစိုးရသတ်မှတ်ထားသည့် မြေဧက ၆,၀၀၀ (ဟက်တာ ၂,၄၀၀)စလုံး ဆက်လက်ဆောင်ရွက်မည်ဟု ဆိုသည်။

 

        သီလဝါအထူးစီးပွားရေးဇုန် ကို အကောင်အထည်ဖော်ရန် ၂၀၁၂ ဒီဇင်ဘာတွင် မြန်မာ-ဂျပန်နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

 

        ဟက်တာ ၄၀၀ ကျော်ရှိ သည့် အပိုင်း (က)ကို ၂၀၁၅ တွင် စတင်ခဲ့ပြီး ၂၆၂ ဟက်တာရှိသည့်အပိုင်း (ခ)ကို ဆက်လက်ဆောင် ရွက်ပြီး အပိုင်း (ဂ)ကို အကောင် အထည်ဖော်ရန် စီစဉ်နေသည်။

 

        သီလဝါအထူးစီးပွားရေးဇုန် ကို မြန်မာအစိုးရနှင့် ဂျပန်အစိုးရ တို့က ၁၀ ရာခိုင်နှုန်းစီ၊ မြန်မာ ပုဂ္ဂလိကကုမ္ပဏီများက ရှယ်ယာ ၄၁ ရာခိုင်နှုန်းနှင့် ဂျပန်ကုမ္ပဏီ သုံးခုက ရှယ်ယာ ၃၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

Mixed Use and Urban Read 58 times