Smart City Master Planning in Yangon ၏ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ


23 January, 2021

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်နိုင်ငံ မြေ၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန (Ministy of Land, Infrastructure, Transport and Tourism of Japan-MLIT) တို့ ပူးပေါင်းဆောင်ရွက်သည့် Smart City Master Planning  in Yangon ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် Zoom Webiner ဖြင့် ဆောင်ရွက်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဆောင်၍ ကော်မတီဝင်၊ ဌာနမှူးများနှင့် ဂျပန်နိုင်ငံ MLIT မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

        ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန်မှ “ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်း စတင်ခြင်း ပထမအကြိမ် အစည်းအဝေးတွင် ရန်ကုန်မြို့၏ Smart City အကောင်အထည်ဖော်မှုများကို အကျဉ်းချုပ် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင်လည်း ဂျပန်နိုင်ငံမှ ဦးဆောင်ကျင်းပသည့် Smart City အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင်လည်း ရန်ကုန်မြို့ရဲ့ Smart City အရာရှိချုပ် (CSCO) ဖြစ်သူ မြို့ပြ စီမံကိန်းဌာန ညွှန်ကြားရေးမှူး ဒေါ်တင်တင်ကြည်မှလည်း ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အစည်းအဝေး အပြီးတွင် ရေစီးရေလာနှင့်ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့၊ နိုင်ငံတကာဆက်ဆံရေးနှင့်သတင်း အချက် အလက် နည်းပညာ ဌာနများနှင့် ဂျပန်နိုင်ငံမှ ပုဂ္ဂလိကကုမ္ပဏီများ Virtual Meeting  ပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ COVID  ကျရောက်နေချိန်ဖြစ်လို့ နေ့စဉ်ဘဝလှုပ်ရှားမှုများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေသော်လည်း ရန်ကုန်မြို့ရဲ့ Smart City အားသာချက်များကြောင့် ပြောင်းလဲလာသည့် နေထိုင်မှုပုံစံအသစ်ကိုလည်း Smart စနစ်များနှင့်အညီ ထည့်သွင်းစဉ်းစားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဌာနအားလုံး ပူးပေါင်းလက်တွဲကာ Smart City အတွက် ဦးတည်ပြီး စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရင်း ပိုမို သာလွန်ကောင်းမွန်သော အနာဂတ်မြို့တော်များကို အတူတကွဖော်ဆောင်ကြဖို့ တိုက်တွန်းလိုကြောင်း” ပြောကြား ခဲ့ပါသည်။

        ထို့နောက် MLIT မှ ညွှန်ကြားရေးမှူး Mr. Kenichi Ogasawara က “ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးတွင် ရန်ကုန်မြို့၏ CSCO မှ ရန်ကုန်မြို့ရဲ့ လုပ်ဆောင် ချက်များကို တင်ပြသွားသည့်အတွက် ယခု အစည်းအဝေးမှာ ဘာတွေအကောင်အထည်ဖော် ဆောင်ရွက်ကြမည် ဆိုသည်ကို ဆွေးနွေးကြမှာဖြစ်ကြောင်း၊ MLIT အနေဖြင့် အာဆီယံနိုင်ငံများမှ Smart City (၂၆)မြို့၏ စီမံကိန်း အကောင်အထည်ဖော်မှုများတွင် ဂျပန်နိုင်ငံမှ အကူအညီပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် ရန်ကုန်မြို့ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းကူညီဆွေးနွေးပေးစေလိုကြောင်း” ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ MLIT Consultant Team အဖွဲ့ခေါင်းဆောင် Mr.Kuniomi Hirano မှ “ယခုစီမံကိန်း တွေ့ရှိ ချက်များဖြစ်သည့် အာဆီယံ Smart City ကွန်ယက် (ASCN) ၏ မူဘောင်အတွင်း ရန်ကုန်မြို့၏ Smart City အကောင်အထည်ဖော်မှု၊ မြန်မာနိုင်ငံ၏ Smart City မဟာဗျူဟာ(မူကြမ်း)၊ ရန်ကုန်မြို့၏ မြို့ပြဆိုင်ရာလိုအပ်ချက် များ၊ ရန်ကုန်မြို့မှ ဆောင်ရွက်ဆဲ Smart City စီမံကိန်းများဖြစ်သည့် ရန်ကုန်မြို့လယ် ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေး၊ လှိုင်သာယာနယ်မြေ ပို့ဆောင်မှုဖွံ့ဖြိုးရေး၊ ရန်ကုန်မြေပုံစီမံကိန်း၊ e-Government နှင့် Online ဝန်ဆောင်မှု အကောင်အထည်ဖော်မှုများ”အား ရှင်းလင်းဆွေးနွေးပြီး “ရန်ကုန်မြို၏ Smart City မျှော်မှန်းချက်များဖြစ်သည့် 3C (Citizens, City , Culture) တွင် Citizens သည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားရေး၊ City သည် မြို့ပြ စီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်ရေး၊ Culture သည် ယဉ်ကျေးမှုကိုမြှင့်တင်ပြီး ခရီးသွားလာမှု ဆွဲဆောင်ရေးကို ဖော်ညွှန်းခြင်းဖြစ်ကြောင်း၊ 3C ကို အကောင်အထည်ဖော်ရန် ဖွံ့ဖြိုးရေးမူဝါဒ (၆)ချက်ကို ချမှတ်ထားကြောင်း” ဆွေးနွေးပါသည်။

        ထို့နောက် MLIT Consultant Team မှ Mr.Kento Ozaki မှ "ရန်ကုန်မြို့၏ Smart City အစီအစဉ်(၈)ခုအား လျာထားကြောင်း၊ ၎င်းတို့မှာ ဒီဂျစ်တယ်အခြေခံအဆောက်အအုံ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ နည်းပညာ အသုံးပြုစီမံခန့်ခွဲရေးစနစ်များ၊ ပို့ဆောင်ရေးအဆင်ပြေကောင်းမွန်ရေး၊ မြို့ပြစနစ်ဖွံ့ဖြိုးရေး၊ စက်မှုဇုန်များဖွံ့ဖြိုးရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာမှုမြှင့်တင်ပြီး ကိုဗစ်အပေါ်တုန့်ပြန့်ဆောင်ရွက်ရေး  တို့ဖြစ်ကြောင်း၊ အစီအစဉ်(၈)ခုကို မူဝါဒ (၆)ရပ်နှင့် ပြန်လည်ချိတ်ဆက်အကောင်အထည်ဖော်ရမှာဖြစ်ကြောင်း" ဆွေးနွေးပြီး ကဏ္ဍအလိုက်ဖြေရှင်းရန် နည်းလမ်းများ ဆောင်ရွက်သည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပါသည်။

        ဒုတိယမြို့တော်ဝန် ဦးစိုးလွင်မှ “ရန်ကုန်မြို့အား Smart City အကောင်အထည်ဖော်ရာမှာ မြန်မာ့စီးပွားရေး အခြေအနေနှင့် ကိုက်ညီတဲ့လုပ်ငန်းများကို အကြံပြုပေးစေလိုကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်မှုများတွင် လည်း ဈေးစီမံခန့်ခွဲရေး၊ ရေပေးဝေးမှု၊ ရေစီးရေလာ၊ လမ်းလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးအတွက် လည်း ဆွေးနွေးစေလိုကြောင်း” အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးမှ “Smart City Master Plan သည် အကျိုးသက် ဆိုင်သည့် ဌာန၊ အဖွဲ့အစည်းအားလုံးကို ထင်ဟပ်သည့် Master Plan ဖြစ်သဖြင့် အားလုံးပိုင်ဆိုင်၊ သက်ဆိုင်သည့် စီမံကိန်းဖြစ်ရန် လိုအပ်ကြောင်း၊ One Map Yangon သည် Base Map တစ်ခုတည်းတွင် ဌာနအားလုံး၏ Data ကို Geospatial Platform ပေါ်တင်သည့် စီမံကိန်းဖြစ်ကြောင်း၊ Data အားလုံးကို YCDC ၏ Data Center မှ ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့် ဆောင်ရွက်နေရာမှာ ပြည်တွင်းပြည်ပမှပုဂ္ဂလိကကဏ္ဍ၊ အစိုးရဌာနများအားလုံးနှင့် ချိတ်ဆက်လုပ်နေတာဖြစ်တဲ့အတွက် Master Plan သည် ပြီးပြည့်စုံရမည်ဖြစ်ကြောင်း” ဆွေးနွေးပါသည်။ 

        ဆက်လက်၍ UR Linkage မှ Mr. Aida က “လာမည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် Master Plan  နှင့် Action Program များအား ချပြရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်လိုကြောင်း၊ ၎င်းဆွေးနွေးပွဲတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ သာမက ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ နေပြည်တော်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာနှင့်ဂျပန်မှ ပုဂ္ဂလိက ကုမ္ပဏီများပါဝင်မည်ဖြစ်ကြောင်း” ဆွေးနွေးပါသည်။

        ထို့နောက် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်မှ “ ရန်ကုန်မြို့အား Smart City ဖြစ်လာဖို့ ဂျပန်ဖက်မှ ပူးပေါင်း ပါဝင်ကူညီသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍ တို့မှ ပူးပေါင်းဆောင်ရွက်သွားဖို့လိုကြောင်း” ပြောကြားပြီး အစည်းဝေးအား ညနေ ၃:၂၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

        ယခုဆောင်ရွက်နေသည့် ရန်ကုန်မြို့ Smart City အကောင်အထည်ဖော်ရေး စီမံကိန်းအတွက် မျှော်မှန်းချက်နှင့် လုပ်ငန်းအစီအစဉ်များအား ဖေဖော်ဝါရီလအတွင်းအပြီး ရေးဆွဲသွားမည်ဖြစ်ပြီး လုပ်ငန်းများအား ၂၀၂၄ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။

Local Read 366 times