ဟောင်ကောင်မှ တိုက်ခန်းကျဉ်း စီမံကိန်း


25 September, 2021

တစ်ယောက်အိပ် ကုတင် နှစ်လုံးစာသာသာမျှသာ အကျယ်အဝန်းရှိတဲ့ လူနေတိုက်ခန်းတွေကို ဟောင်ကောင်မှာ တည်ဆောက်နေပါတယ်။ လူနေတိုက်ခန်းပေါင်း ၅,၄၀၀ ဆောက်လုပ်မယ့် စီမံကိန်း ဖြစ်ပြီး အရွယ်အစား အကြီးဆုံး အမျိုးအစားမှာ ကြမ်းခင်းဧရိယာ ၂၆.၃ စတုရန်းမီတာ ရှိပါတယ်။ အသေးဆုံး လူနေတိုက်ခန်းတွေက ကြမ်းခင်းဧရိယာ ၈.၂ စတုရန်းမီတာ ရှိပါတယ်။ အသေးဆုံးအခန်း အမျိုးအစားမှာ မီးဖိုချောင်နဲ့ ရေချိုးခန်းအိမ်သာ ထည့်ပေးမထားဘူး။ အများသုံး မီးဖိုချောင်နဲ့ ရေချိုးခန်းအိမ်သာတို့ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ 

တိုက်ခန်းကျဉ်းတွေ ဆောက်လုပ်နေတဲ့ ကန်ထရိုက်လုပ်ငန်းက  Sun Hung Kai Properties ဖြစ်ပါတယ်။ 

ဟောင်ကောင်မှာ လူနေထူထပ်လွန်းပြီး နေစရာအတွက် အခက်အခဲ ရှိနေကြတဲ့အပြင် အိုးအိမ်အတွက် ကုန်ကျစရိတ်များ မြင့်မားလွန်းနေတဲ့အတွက် ယခုလို တိုက်ခန်းကျဉ်းများ အများပြား ဆောက်လုပ်ပေးပြီး ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။ 

ဟောင်ကောင်က လူဦးရေအထူထပ်ဆုံး မြို့ကြီးများ စာရင်းမှာ နံပါတ်(၈) နေရာမှာ ရောက်ရှိနေပြီး ပျမ်းမျှအားဖြင့် တစ်စတုရန်းမိုင် လူဦးရေ ၆၈,၄၀၀ ရှိပါတယ်။ 

အိုးအိမ်တွေမှာ ပြွတ်သိပ်နေထိုင်ရသူတွေအဖို့ အခုလို အခန်းကျဉ်းလေးတွေမှာ တသီးတသန့် နေထိုင်နိုင်တာကြောင့် နေရာကျဉ်းသော်လည်း လူကြိုက်များပြီး အဝယ်လိုက်နေတယ်လို့ သိရပါတယ်။ 

တရုတ်အစိုးရက အိုးအိမ်အကျပ်အတည်းကို ဟောင်ကောင်မှ တိုင်ကွန်းသူဌေးတို့ကို ကူညီဖြေရှင်းပေးဖို့ တိုက်တွန်းထားပါတယ်။ လုပ်ငန်းစုကြီးများက အိုးအိမ်ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတယ်လို့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

ထိုသို့ ဝေဖန်ပြောဆိုခဲ့တဲ့အတွက် တရုတ်အစိုးရအနေဖြင့် အိုးအိမ်ဈေးနှုန်းများကို ထိန်းချုပ်လာနိုင်တာကြောင့် အိမ်ရာအဆောက်အဦကုမ္ပဏီများရဲ့ ရှယ်ယာများ ဈေးကျသွားခဲ့ပါတယ်။ အစိုးရမှ အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ပေးပြီး ကန့်သတ်ချက် ပြဋ္ဌာန်းလိမ့်မယ်လို့လည်း သတင်းများ ထွက်ပေါ်နေပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လမှာ တရုတ်အစိုးရက ဟောင်ကောင်မှာ ရှိနေတဲ့ အိုးအိမ်အသေးစားများကို ၂၀၄၉ ခုနှစ် မတိုင်ခင်မှာ ဖယ်ရှားရှင်းလင်းဖို့ လုပ်ဆောင်သွားဖို့ ရည်မှန်းချက်ကို ချမှတ်ခဲ့ပါတယ်။ 
 

Public Housing Read 865 times