စစ်တွေမြို့သစ်စီမံကိန်း စတင်ဆောင်ရွက်နိုင်ရန် မလေးရှားကုမ္ပဏီ ဒုတိယအကြိမ် တင်ပြ


13 July, 2019

၂၀၂၀ တွင် ကန်ဒေါ်လာ ၃၈ ဘီလီယံတန်ဖိုး ရင်းနှီးမြှုပ်နှံမည်ဆိုသော စစ်တွေမြို့သစ်စီမံကိန်းကိုစတင်နိုင်ရန် မလေးရှားကုမ္ပဏီက ပြည်နယ်လွှတ်တော်နှင့်အစိုးရထံ ဒုတိယအကြိမ် တင်ပြခဲ့ရာ ပြည်နယ်အစိုးရက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံခွင့်ပြုချက်ယူရန်ညွှန်ကြားခဲ့ကြောင်း သိရသည်။

မလေးရှားကုမ္ပဏီ Gold Coast KTMG Development တစ်ခုက စစ်တွေမြို့အနီး၌ မြေဧက ၇,၀၀၀ တွင် စစ်တွေမြို့သစ်စီမံကိန်း (New Sittwe Myanmar City 2030) ကို အကောင်အထည်ဖော်ရန် ပြည်နယ်အစိုးရထံ ၂၀၁၈ တွင်စတင်တင်ပြခဲ့ကြောင်း၊ဇူလိုင် ၂၆ ရက်တွင် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌထံ လာရောက်ရှင်းပြခဲ့ကြောင်းသိရသည်။

မလေးရှားအမျိုးသမီး YEAP POH HOOI က ဒါရိုက်တာအဖြစ် အမည်စာရင်းသွင်းထားပြီး ကုမ္ပဏီကို နိုင်ငံခြားပိုင်ကုမ္ပဏီအမည်ဖြင့် မှတ်ပုံတင်ထားကြောင်း၊ ပြင်သစ်နောက်ခံ ကုမ္ပဏီလို့ ပြောထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်ရင်းနှီးမြှုပ်နှံမှုလုပ်မည့်စီမံကိန်းများတွင် ယခုစီမံကိန်းအကောင်အထည်ဖော်ဖြစ်ပါက လက်ရှိဒေသတွင်းအကြီးမားဆုံးစီမံကိန်း တစ်ခုဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်း၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးထက်ပင် ငါးဆကျော်ရှိနေပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်ဖိုးရှိကြောင်း သိရသည်။

 အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုလာရောက်ရှင်းပြခြင်းဖြစ်ကာ ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုချက် မယူရသေးကြောင်း၊၂၀၁၈ တွင် စတင်ကြိုးစားခြင်းဖြစ်ပြီး ပထမအကြိမ် တွေ့ဆုံမှုအပြီး စီမံကိန်းကို အသေးစိတ်လေ့လာရန် ပြည်နယ်အစိုးရက ကုမ္ပဏီကို ညွှန်ကြားခဲ့ကြောင်း၊ပြည်နယ်အစိုးရထံ လာရောက်ရှင်းပြစဉ် အဆိုပါ စီမံကိန်း၌ အိမ်ရာစီမံကိန်း၊ စီးပွားရေးဇုန်၊အကြီးစားစက်မှုလုပ်ငန်း၊ ဆိပ်ကမ်းနှင့်ရေနံလုပ်ငန်းများ ပါဝင်ကြောင်းသိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် Gold Coast KTMG Development (မြန်မာ) ကုမ္ပဏီအမည်ဖြင့် မှတ်ပုံတင်ထားပြီး မလေးရှားအခြေစိုက်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းကို စစ်တွေမြို့အနီး ဆတ်ရိုးကျချောင်းတစ်ဖက် ရွှေမင်းဂံနှင့်ကျေးတော ကျေးရွာတွင် ကုမ္ပဏီ က ရွေးချယ်ထားကြောင်း၊၂၀၁၈ တွင် စီမံကိန်းဖြစ်နိုင်ခြေလေ့လာခြင်း နှင့် အလွတ်သဘောစစ်တမ်းကောက် ယူခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

Region Read 38 times