စင်ကာပူနိုင်ငံတွင် ပုဂ္ဂလိကအိမ်ရာအသစ် ရောင်းအားကျ


22 January, 2021

စင်ကာပူနိုင်ငံရှိ အိမ်ခြံမြေကုမ္ပဏီများသည် ၂၀၂၀ခုနှစ် စတုတ္ထမြောက် သုံးလပတ်အတွင်း ပုဂ္ဂလိက အိမ်ရာအသစ် ၂,၆၀၃ လုံးကို ရောင်းချခဲ့ပြီး ရှေ့သုံးလပတ်အတွင်း ရောင်းအား ၃,၅၁၇ ယူနစ်ထက် ၂၆ ရာခိုင်နှုန်း ရောင်းအားကျခဲ့သည်။ နှစ်အလိုက်ရောင်းအားကို ကြည့်မည်ဆိုလျှင် ၂၀၁၉ ခုနှစ်တွင် ရောင်းအား ၉,၉၁၂ ယူနစ်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ရောင်းအား ၉,၉၈၂ ယူနစ်အထိရှိခဲ့သည်။

ဇန်နဝါရီလ ၂၂ရက်တွင် Urban Redevelopment Authority (URA) ကထုတ်ပြန်သော နောက်ဆုံးအချက်အလက်များတွင် အများပိုင် နှင့် ပုဂ္ဂလိက ဖက်စပ်ဖြစ်သော Executive Condominium (EC) ယူနစ်များကိုချန်လှပ်ထားသည်။

ပြီးခဲ့သည့်နှစ်က ပုဂ္ဂလိက အိမ်ရာအသစ်ဝယ်လိုအားသည် Covid-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ခြင်းနှင့် ခရီးသွားလာခြင်း တားမြစ်မှုများကြားတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သည်ဟု OrangeTee & Tie ၏ သုတေသနနှင့်စိစစ်ရေးခေါင်းဆောင် Christine Sun က ပြောကြားခဲ့သည်။

အိမ်ခြံမြေကုမ္ပဏီများသည် ၂၀၂၀ ခုနှစ်တွင် EC ၁,၀၄၄ ယူနစ်ကို ရောင်းရန်မိတ်ဆက်ခဲ့ပြီး ၂၀၁၉ ခုနှစ်ထက် ၂၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း လုံးချင်းအိမ်နှင့် ကွန်ဒွန်တိုက်ခန်းများ၏ စျေးနှုန်းများသည် ၂.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

စင်ကာပူမြို့တွင်းရှိ ကွန်ဒိုတိုက်ခန်းများ၏စျေးနှုန်းသည် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၂.၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် ၄.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

မြို့လယ်ခေါင်ရှိ ကွန်ဒိုတိုက်ခန်းများ၏စျေးနှုန်းသည် လွန်ခဲ့တဲ့နှစ် တတိယ သုံးလပတ်တွင် ၃.၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း  စတုတ္ထ သုံးလပတ်တွင် ၃.၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

စင်ကာပူမြို့ပြင်ရှိ တိုက်ခန်းစျေးနှုန်းသည် ၁.၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့၍ ယခင် သုံးလပတ်၏ ၁.၇ ရာခိုင်နှုန်းထက် အနည်းငယ်သာ မြင့်တက်ခဲ့သည်။

စတုတ္ထ သုံးလပတ်အတွင်း ပျမ်းမျှစျေးနှုန်းမှာ Clavon တွင် တစ်စတုရန်းပေလျှင် စင်ကာပူဒေါ်လာ ၁,၆၃၇ ဒေါ်လာ၊ Ki Residences တွင် တစ်စတုရန်းပေလျှင် စင်ကာပူဒေါ်လာ ၁,၇၆၆ ဒေါ်လာရှိခဲ့ပြီး မြို့ပြင်ရှိ တိုက်ခန်းများ၏ပျမ်းမျှစျေးနှုန်းမှာ တစ်စတုရန်းပေလျှင်  စင်ကာပူဒေါ်လာ ၁,၆၃၂ ဒေါ်လာရှိခဲ့သည်။

ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးအတွက် တိုက်ခန်းများ၏ စျေးနှုန်းမှာ ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

တစ်ချိန်တည်းတွင် လုံးချင်းအိမ်များ၏ ပျမ်းမျှစျေးနှုန်းမှာ စတုတ္ထ သုံးလပတ်တွင် စျေးချိုခဲ့သည်။ စျေးနှုန်းမှာ တတိယ သုံးလပတ်တွင် ၃.၇ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သော်လည်း စတုတ္ထ သုံးလပတ်တွင် ၁.၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ သို့သော် ၂၀၂၀ ခုနှစ်အတွက် လုံးချင်းအိမ်များ၏စျေးနှုန်းမှာ ၁.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

by Myanmar Builders Guide

Residential Global Real Estate & Properties Read 440 times