အိမ်ရာ ဝယ်သူအမည်ခံခဲ့ကြောင်း စင်ကာပူ အမျိုးသမီးဝန်ခံ


16 December, 2021

အိမ်ရာ ဝယ်သူအမည်ခံခဲ့ကြောင်း စင်ကာပူ အမျိုးသမီးဝန်ခံ

နိုင်ငံခြားသား ၃ ဦး နေအိမ်ဝယ်ယူတာမှာ အမည်ခံအဖြစ် ပါဝင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသား ၃ ဦးကိုယ်စား အမည်ခံပြီး ယုံကြည်အပ်နှံမှုအဖြစ် လက်ဝယ်ထားရှိခဲ့ပါကြောင်း စင်ကာပူနိုင်ငံသားအမျိုးသမီးက ဝန်ခံထွက်ဆိုခဲ့ပါတယ်။ 

အသက် ၄၉ နှစ်ရှိသူ စင်ကာပူနိုင်ငံသား အမျိုးသမီး Song Fanrong က အိမ်ရာဝယ်ယူသူတစ်ဦးဖြစ်သူ တရုတ်နိုင်ငံသား Wang Chen ထံမှ စင်ကာပူဒေါ်လာ ၁.၈ သန်း ရယူခဲ့ပါတယ်။ Belgravia Drive မှ ဆိတ်ငြိမ်ရပ်ကွက်ရှိ ဘိုးဘွားပိုင် freehold အိမ်ရာမြေ Belgravia Villas မှ အိမ်တစ်လုံးကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
Belgravia Villas အိမ်ရာ ဖွံ့ဖြိုးရေးကို Fairview Development မှလုပ်ကိုင်ခဲ့ပြီး Residential Property Act အရ ကန့်သတ်ခြင်းမရှိတဲ့ လူနေအိမ်‌ေြခအဖြစ် သတ်မှတ်မပေးထားတဲ့အတွက် နိုင်ငံခြားသား ဝယ်ယူပိုင်ဆိုင်ခွင့်မရှိတဲ့ အိမ်ရာဖြစ်ပါတယ်။ ဒီတော့ Song Fanrong က ယုံကြည်အပ်နှံခံရသူအဖြစ် အမည်ခံပေးခွင့် မရှိပါဘူး။
အမှု ၃ မှုမှာ ၁ မှုကို Song က အပြစ်ရှိကြောင်း ဝန်ခံပါတယ်။ မကန့်သတ်ထားတဲ့ အိမ်ရာအမျိုးအစား မဟုတ်တဲ့ အိမ်ရာကို အုပ်ထိန်းသူအဖြစ် ပိုင်ရှင်နိုင်ငံခြားသားအတွက် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံပါတယ်။
ကျန်တဲ့ ၂ မှုကလည်း သဘောသဘာဝ အတူတူဖြစ်ပြီး နောက်ထပ် နိုင်ငံခြားသား ၂ ဦးနဲ့ ပတ်သက်နေပါတယ်။ အဲဒီအမှုတွေအတွက် Song ကို တရားစွဲဆိုထားပါတယ်။ 

စင်ကာပူမြေအာဏာပိုင် Singapore Land Authority (SLA) ရဲ့ ပြဌာန်းချက်အရ လူနေအိမ်ရာ ပိုင်ဆိုင်မှု ဝယ်ယူလိုတဲ့ နိုင်ငံခြားသားများဟာ SLA ရဲ့ လက်အောက်ရှိ Land Dealings Approval Unit ထံ တင်ပြလျှောက်ထားပြီး အတည်ပြုချက် ရယူဖို့ လိုအပ်ပါတယ်။ အဲဒါကို ရှောင်လွှဲဖို့ အမည်ခံပြီး အိမ်ဝယ်ယူကြတာ ဖြစ်ပါတယ်။

၂၀၁၃ မှာ Song က Wang နဲ့ စသိခဲ့ပြီး Want က စင်ကာပူမှာ ပြောင်းရွှေ့နေထိုင်ဖို့ အစီအစဉ် ရှိတာကြောင့် သူနေဖို့ အိမ်ကို ကြိုဝယ်ထားချင်တယ်။ သူက စင်ကာပူနိုင်ငံသား ခံယူဖို့လည်း လုပ်နေတယ်။ လောလောဆယ် Song က နာမည်ခံပြီး အိမ်ဝယ်မယ်။ အုပ်ထိန်းသူအဖြစ် Song လက်ထဲမှာ ထားမယ်။ သူ စင်ကာပူနိုင်ငံသား ခံယူပြီးရင် အိမ်အမည်ပေါက်ကို သူ့အမည်ပြောင်းမယ်လို့ ပြောပြတယ်။ Song က Belgravia Villas မှာ အိမ်ဝယ်ဖို့ အကြံပြုတယ်။ Wang က သဘောတူလို့ Song က အမည်ခံပြီး ဝယ်ပေးတယ်။
အလားတူ အခြားတရုတ်နိုင်ငံသား ၂ ဦးအတွက်လည်း Song က နာမည်ခံပြီး အိမ်ဝယ်ပေးခဲ့ပါတယ်။

 Wang နဲ့ Song တို့အကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အိမ်ရာရဲ့ တကယ့်ပိုင်ရှင်က Wang ဖြစ်ကြောင်း၊ Song က ယုံမှတ်အပ်နှံခြင်းခံရသူ ဖြစ်ကြောင်း စာချုပ်မှာ အတိအလင်း ဖော်ပြထားပါတယ်။ Song က Wang ကိုယ်စား အမည်ခံပေးပြီး ဝယ်ယူသူအဖြစ် ဆောင်ရွက်ပေးရာ၌ ကုန်ကျသမျှ အကုန်လုံးကို Wang က ကျခံရမှာ ဖြစ်ကြောင်း စာချုပ်မှာ ဖော်ပြထားပါတယ်။ ကုန်ကျတာတွေအတွက် ပေးချေရမယ့်် ငွေအားလုံးကို တရုတ်ပြည်မှာ ဖွင့်ထားတဲ့ Song ရဲ့ ငွေစာရင်းသို့ လွှဲပြောင်းထည့်ပေးဖို့ သဘောတူကြပါတယ်။

သဘောတူစာချုပ်ကို ၂၂ စက်တင်ဘာလ ၂၀၁၄ မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 
Belgravia Villas မှာ ဝယ်ယူတဲ့ အိမ်ရာအတွက် ကျသင့်ငွေက စင်ကာပူဒေါ်လာ ၃,၄၇၅,၀၀၀ ဖြစ်ပါတယ်။ 
Wang က Song ရဲ့ ငွေစာရင်းထဲကို စင်ကာပူဒေါ်လာ ၁,၈၀၀,၀၀၀ ထည့်ပေးပါတယ်။ ထပ်ပေးဖို့ ကျန်နေတဲ့ငွေကို ပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။
Fairview Development နဲ့ အိမ်အမည်ခံ စာချုပ်ချုပ်သူ  Song တို့အကြား  Sale and purchase (S&P) agreements အရောင်းအဝယ် သဘောတူညီချက်များအရ ငွေချေရမယ့်အချိန် ၂၀၁၄ ခုနှစ်မှာ Song နာမည်ခံပေးထားတဲ့ အိမ်ရာ ၃ ခုကို ဝယ်ယူတဲ့ တရုတ်နိုင်ငံသားတွေက ငွေပေးဖို့ ပျက်ကွက်ပါတယ်။
ကျန်ငွေ မပေးသွင်းတဲ့အတွက် ဝယ်လက်စ အိမ်ရာကို ပိုင်ဆိုင်မှု ရုပ်သိမ်းခံရပါတယ်။ အမည်ခံ ဝယ်ယူကြောင်းလည်း အမှုပေါ်ပေါက်ပြီး Song  အမှုရင်ဆိုင်ရပါတယ်။ ပထမအရစ် ပေးသွင်းထားတဲ့ငွေမှာ စာချုပ်အရ ပြဌာန်းထားတဲ့ ဒဏ်ကြေးကို Fairview Developments က နုတ်ယူပြီး ကျန်ငွေကို  Commercial Affairs Department က ၂၀၁၈ ဇန်နဝါရီလမှာ သိမ်းယူလိုက်ပါတယ်။

တရုတ်နိုင်ငံသား ၃ ဦးဟာ Song ရဲ့ မိတ်ဆွေတွေ ဖြစ်လို့ ကူညီပေးခြင်းသာဖြစ်ပြီး အကျိုးအမြတ် ရဖို့ ရည်ရွယ်ချက်မရှိကြောင်း၊ တရုတ်နိုင်ငံသား ၃ ဦးကလည်း စင်ကာပူနိုင်ငံသား ခံယူကြပြီးရင် နေထိုင်ဖို့အတွက် ကြိုတင်စီစဉ်ထားခြင်းဖြစ်ကြောင်း၊ အိမ်ရာကို ဝယ်ယူပြီး ဈေးကစားကာ အမြတ်ထုတ် ပြန်ရောင်းခြင်း မဟုတ်ကြောင်း Song ရဲ့ ရှေ့နေက လျှောက်လဲချက် ပေးထားပါတယ်။

 ၂၀၂၂ ဇန်နဝါရီလ ၅ ရက်မှာ ရုံးချိန်းရှိပြီး အကယ်၍ ပြစ်မှုကျူးလွန်တယ်လို့ စီရင်ဆုံးဖြတ်ခဲ့ရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ် စင်ကာပူဒေါ်လာ ၁၀၀,၀၀၀ ဖြစ်စေ၊ နှစ်မျိုးစလုံးဖြစ်စေ ပြစ်ဒဏ် စီရင်ခံရမှာ ဖြစ်ပါတယ်။


sg.news.yahoo.com

Laws and Regulations Read 927 times