အိမ်ငှားခ ပြဿနာတက်နေတဲ့ စင်ကာပူ အိမ်ငှားဈေးကွက်


01 March, 2020

စင်ကာပူမှာ လစာကောင်းကောင်းဖြင့် လုပ်ကိုင်နေကြတဲ့ အနောက်တိုင်းသူ အနောက်တိုင်းသားတွေဟာ လစာမြင့်မားတဲ့အပြင်

အခြားခံစားခွင့်တွေပါ ရရှိကြတာကြောင့် မနာလိုဖြစ်ချင်စရာ ကောင်းနေတယ်။ သူတို့ကို အတိုကောက်အားဖြင့် expat လို့ ခေါ်ဝေါ်ကြတယ်။ ဇာတိနိုင်ငံ ပြင်ပမှာ နေထိုင်သူလို့ ဆိုလိုတယ်။

Coronavirus က စင်ကာပူမှာ ရှိတဲ့ လုပ်ငန်းတွေကို ထိခိုက်တော့ လုပ်ငန်းတွေ ချွေတာရေးအပြင် လျှော့ချဖြတ်တောက်မှုတွေကိုပါ ဆောင်ရွက်ကြရတယ်။ ဝန်ထမ်းဦးရေ လျှော့ချတယ်။ လစာမဲ့ ခွင့် ယူခိုင်းတယ်။ လစာလျှော့တယ်။

ဝင်ငွေနည်းသွားပြီ ဖြစ်တဲ့ expat တွေမှာ အရင်လို အိမ်လခ ပေးဖို့ အခက်အခဲ ရှိလာတယ်။ ဒီတော့ အိမ်ငှားခ ဈေးဆစ်တာကို အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေ ရင်ဆိုင်ရတယ်။

APAC Realty Ltd မှ အိမ်ခြံမြေအေးဂျင့် Clarence Foo က တစ်လအတွင်းမှာ ခုနစ်ခု ကြုံခဲ့ရတယ်လို့ Bloomberg သတင်းဌာနကို ပြောပြခဲ့တယ်။ သူ့လုပ်သက် ခုနစ်နှစ်မှာ အများဆုံး ကြုံဖူးတာလို့ ဆိုပါတယ်။ ဈေးဆစ်ကြတာမှာ ၃ ခုက အောင်မြင်သွားတယ်။

တစ်ဦးက အမေရိကန်အမျိုးသမီးဖြစ်ပြီး Foo ဆီကို ဖုန်းနဲ့ စာတိုရိုက်ပို့တယ်။ မေလ ၁ ရက်ကနေ ဇူလိုင်လကုန်အထိ လစာ ၂၀ ရာခိုင်နှုန်း လျှော့ချခံရတယ်။ သူက အိပ်ခန်းတစ်ခုပါတိုက်ခန်း ငှားရမ်း နေထိုင်တယ်။ တစ်လကို စင်ကာပူ‌ဒေါ်လာ ၃၄၀၀ ( အမေရိကန်ဒေါ်လာ ၂၄၀၀ ) ဌားရမ်းခ ပေးရတယ်။ အိမ်ရှင်က စင်ဒေါ်လာ ၂၅၀ လျှော့ပေးတယ်။
“၂၅၀ ဆိုတော့ နည်းတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ဇူလိုင်လကုန်အထိ ၃ လ လျှော့ပေးရတာဆိုတော့ ၇၅၀ သက်သာသွားတယ်။ ဘယ်နည်းမလဲ” လို့ Foo က ရှင်းပြတယ်။

စင်ကာပူမှာ အိမ်ရာဈေး မြင့်မားတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးတွေထဲမှာ ပါတယ်။ ပြီးခဲ့တဲ့နှစ်က အိမ်ငှားခတွေ ဈေးတက်ခဲ့တယ်။ စင်ကာပူ အိမ်ငှားဈေးကွက်ကို ပင်လယ်ရပ်ခြားမှာ နေထိုင်သူတွေက ကြီးစိုးထားတယ်။ သူတို့ ဈေးတင်ရင် ငှားရမ်းခ ဈေးတက်တယ်။ ဒီတော့ တစ်နှစ်ပြီး တစ်နှစ် ဈေးတက်နေတယ်။ သူတို့က ပုဂ္ဂလိကပိုင် ကွန်ဒိုအခန်းတွေ ဝယ်ထားပြီး ငှားစားကြတယ်။
စင်ကာပူ နိင်ငံသားအများစု (၈၀ ရာခိုင်နှုန်းဝန်းကျင် ) ကတော့ အစိုးရရဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဘုတ်အဖွဲ့မှ တည်ဆောက်ပေးထားတဲ့ တိုက်ခန်းတွေမှာ နေထိုင်ကြတယ်။

အိမ်ခြံမြေအေးဂျင့် Lester Chen လည်း အခုလို ဈေးဆစ်တာတွေ ရင်ဆိုင်ရတယ်။ စင်ကာပူ ပင်မကျွန်း အပြင်ဘက်ကို ထုတ်ထားတဲ့ Sentosa Cove လူနေရပ်ကွက်မှာ ရှိတဲ့ တိုက်ခန်းမှာ နေထိုင်တဲ့ expat က ဈေးဆစ်တာ ဖြစ်ပြီး ပိုင်ရှင်နဲ့ ညှိနှိုင်းပေးခဲ့ပြီး ၂၀ ရာခိုင်နှုန်း ဈေးလျှော့ပေးခဲ့တယ်။

တချို့ တိုက်ခန်း ပိုင်ရှင်တွေက ဘဏ်ချေးငွေနဲ့ တိုက်ခန်းကို ဝယ်ထားတာဖြစ်လို့ လစဉ် ဘဏ်ကို အကြွေးဆပ်ဖို့ အတွက် ငှားရမ်းခ ရနေဖို့ လိုအပ်တယ်။
တချို့ကျတော့ အခုလို အကျပ်အတည်းကာလမှာ ဝင်ငွေ တစ်ပြားမှ မရတာထက်စာရင် လျှော့ဈေးဖြင့် အိမ်ငှားခ ဝင်ငွေ ရနေတာက တော်သေးတာမို့ အိမ်ငှားခ ဈေးဆစ်တာကို လိုက်လျောပေးကြတယ်။
အိမ်ငှားတဲ့ expat တွေထဲမှာ မတရားသဖြင့် ဈေးဆစ်တာလည်း ရှိပါတယ်။
Lester Chen က အခုလို ပြောပြတယ်။
“ဗြိတိသျှသားတစ်ယောက်က ၅၀ ရာခိုင်နှုန်း လျှော့ပေးဖို့ ပြောခိုင်းတယ်။ အိပ်ခန်း နှစ်ခုပါ တိုက်ခန်းမှာ သူက ငှားနေတာ၊ တစ်လကို စင်ကာပူဒေါ်လာ ၈၀၀၀ ပဲ ပေးရတယ်။ နေရာက မြို့တွင်းပိုင်းမှာ။ အိမ်ရှင်က တုန်လှုပ်သွားတယ်။ အဲဒီလောက်ကြီး ဖြတ်ချတာကို လက်ခံစရာ ဘာအကြောင်းမှ မရှိဘူးလို့ သူ့ကို ပြန်ပြောခိုင်းတယ်”

Global Read 199 times