စင်ကာပူ-ဂျိုဟို အမြန်ရထားလမ်း ဆောက်လုပ်ရေး မလေးရှား စတင်


07 October, 2021

စင်ကာပူ-ဂျိုဟို အမြန်ရထားလမ်း RTS Link ဆောက်လုပ်ရေးစီမံကိန်း ပန္နက်ချ အခမ်းအနားကို Bukit Chagar ဘူတာရုံတွင် ကျင်းပခဲ့သည်။ 

 

 

RTS Link သည် မလေးရှားနှင့် စင်ကာပူအကြား နယ်စပ်ဖြတ်ကျော်သည့် ရထားပေးဆွဲရန် ဖြစ်ပြီး ရထားမောင်းနှင်သူ မပါသည့် Light Rail Transit (LRT) စနစ်ကို သုံးစွဲမည် ဖြစ်သည်။ စင်ကာပူရှိ Woodlands နှင့် မလေးရှားရှိ ဂျိုဟိုးဘာရူးတို့ကို ဆက်သွယ်ပေးထားမည် ဖြစ်ပြီး ဂျိုဟိုး ရေလက်ကြားကို ရထားလမ်း ဖြတ်သန်းထားသည်။ မောင်းသူမဲ့ အမြန်ရထားများဖြင့် မလေးရှားနိုင်ငံ ဂျိုဟိုးဘာရူးရှိ  Bukit Chagar နှင့် စင်ကာပူနိုင်ငံရှိ  Woodlands ဘူတာရုံ နှစ်ရုံတို့အကြား လွန်းပျံပြေးဆွဲမည်။ တစ်နာရီလျှင် ခရီးသည် ၁၀,၀၀၀ ခန့်ကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။

 

 

စင်ကာပူမှ SMRT RTS Pte Ltd နှင့် မလေးရှားမှ Prasarana RTS Operation Sdn Bhd တို့ အတူလက်တွဲ ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း RTS Operation Sdn Bhd ကို လုပ်ကိုင်မည် ဖြစ်သည်။ 

အဆိုပါ အခြေခံအဆောက်အအုံအတွက် မလေးရှားမှ ကျခံသော ကုန်ကျစရိတ်၏ ၄၀% ကို ဂျိုဟိုးမြို့ရှိ ကုမ္ပဏီများအပါအဝင် မလေးရှားကန်ထရိုက်တာများကို ကန်ထရိုက် ပေးအပ်မည်ဟု တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ 

၂၀၂၆ ခုနှစ်ကုန်တွင် စီမံကိန်းပြီးစီးပြီး ရထားစတင်ပြေးဆွဲရန် လျာထားသည်။ 

Bukit Chagar ဘူတာရုံသည် လေးထပ် အဆောက်အဦဖြစ်ပြီး မီးရထားလမ်း ပလက်ဖောင်းများကို ခြုံငုံထားသည်။ လူဝင်မှု ကြီးကြပ်ရေး၊ အကောက်ခွန်နှင့် ကွာရင်တင်းနေရာများလည်း ပါဝင်သည်။ 

 

 

RTS Link တွင် ရထား ၈ စီး ပြေးဆွဲမည် ဖြစ်ပြီး ရထားတစ်စီးတွင် တွဲလေးတွဲ ပါမည်။ ဘူတာနှစ်ခုအကြား ခရီးအတွက် ၅ မိနစ် ကြာမည်။ ရထားစောင့်ရသည့် အချိန်သည် အလုပ်တက်ဆင်းချိန်များတွင် အကြာဆုံး သုံးမိနစ်ခွဲ ဖြစ်ပြီး ကျန်အချိန်များတွင် အကြာဆုံး ၆ မိနစ် ဖြစ်သည်။ 
နေ့စဉ် မနက် ၆ နာရီမှ ညသန်းခေါင်အထိ ပြေးဆွဲမည်ဟု အစီအစဉ် ရှိသော်လည်း လိုအပ်ပါက မနက် ၅ နာရီခွဲတွင် စတင်ပြေးဆွဲပေးမည်ဟု ဆိုသည်။ ရထားလက်မှတ်ခကို အဆုံးအဖြတ် မပြုရသေးဟု ဆိုသည်။ 
 

Region Read 450 times