မော်လမြိုင်ကျွန်းမြို့နယ်ရှိ စော်ကဲတံတားနှင့် ကျွန်းပြဿဒ်မြစ်ကူးတံတား တည်ဆောက်ပြီးစီး


13 January, 2021

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း - ပုသိမ် အဝေးပြေးခရီးစဉ်တွင် အရေးပါသော မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲမြစ်ကူးတံတားနှင့် မော်လမြိုင်ကျွန်း - ဝါးခယ်မ ထိစပ်နေသော ကျွန်းပြဿဒ် မြစ်ကူးတံတား နှစ်စင်းစလုံး ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ တံတားပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုကို ခံနိုင်ဝန် စမ်းသပ်စစ်ဆေးခဲ့ကြသည်။
မော်လမြိုင်ကျွန်း - စော်ကဲ မြစ်ကူး တံတားကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်တည်ဆောက်ခဲ့ပြီး တံတားအရှည်ပေ ၂၄၆၀၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေ။ ရေလမ်းကင်းလွတ် အမြင့်ပေ ၄၀ နှင့် ရေလမ်းကင်းလွတ်အကျယ်ပေ ၂၄၀ ရှိရာ ပင်မတံတားမှာ သံမဏိသံပေါင် တံတားအမျိုးအစားဖြစ်သည်။
ထို့ပြင် မော်လမြိုင်ကျွန်း - ပုသိမ်အဝေးပြေးခရီးစဉ်တွင် အရေးပါသော မော်လမြိုင်ကျွန်း -ဝါးခယ်မ ထိစပ်နေသောကျွန်းပြဿဒ် မြစ်ကူးတံတားမှာလည်း ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီဖြစ်ရာ မြစ်ကူးတံတားအရှည်ပေ ၃၆၀ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ (နှစ်လမ်းသွား) နှင့် လူသွားလမ်းအကျယ် တစ်ဖက်သုံးပေစီရှိသည်။ ရေလမ်းကင်းလွတ် အမြင့်ပေ ၄၀ နှင့် ရေလမ်းကင်းလွတ် အကျယ် ပေ ၂၄၀ ရှိရာ သံမဏိသံပေါင် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သည်။
အဆိုပါတည်ဆောက်ပြီးစီးနေသော မော်လမြိုင်ကျွန်းမြို့နယ် စော်ကဲမြစ်ကူးတံတားနှင့် ကျွန်းပြဿဒ် မြစ်ကူးတံတားတို့ပေါ်မှ ဖြတ်ကျော်သွားလာရမည့် မော်လမြိုင်ကျွန်း - ပုသိမ် ဒုတိယ ဆက်သွယ်ရေးလမ်းကြောင်းဖြင့် သွားမည်ဆိုပါက မော်လမြိုင်ကျွန်း - ပုသိမ် တိုက်ရိုက်ခရီးစဉ်မှာ ၇၃ မိုင်သာကွာဝေးပြီး အချိန်သုံးနာရီဖြင့် ပုသိမ်မြို့သို့ အရောက်သွားလာနိုင်မည်ဖြစ်၍ လက်ရှိ အသုံးပြုနေသော မော်လမြိုင်ကျွန်း  - မအူပင် - ပုသိမ်ခရီးစဉ်ထက် ၇၇ မိုင် ခရီးလျော့နည်းသွားပြီး အချိန်လေးနာရီ သက်သာသွားကြောင်း သိရသည်။
MDN

Infrastructure and Zones Local Read 445 times