မပြီးဆုံးတဲ့ အမြင့်ဆုံး ဟိုတယ် အိပ်မက်စိတ်ကူး


22 August, 2021

၁၉၈၇ မှာ ပန္နက်ချတယ်။ တည်နေရာက မြောက်ကိုရီးယား မြို့တော် ပြုံယွမ်းမှာ ဖြစ်ပါတယ်။
ပိရမစ်ပုံ အလွန်မြင့်မားတဲ့ မိုးထိအဆောက်အဦက အမြင့် ၁,၀၈၀ ပေ ရှိမယ်။ လူနေအိမ်ခန်း အနည်းဆုံး ၃,၀၀၀ ပါတယ်။ မြို့ကို အပေါ်စီး မြင်ကွင်းကျယ် ကြည့်လို့ရမယ့် စားသောက်ဆိုင် ၅ ခုပါမယ်။ စားသောက်ဆိုင်တွေက ဖြည်းဖြည်းလေး ညင်ညင်သာသာဖြင့် ပတ်ချာလည်နေတယ်။ အမည်ကို Ryugyong Hotel လို ပေးထားတယ်။
စီမံကိန်း လျာထားချက်အရ နှစ်နှစ်အကြာမှာ ဖွင့်လှစ်မယ်။ ဒါပေမဲ့ အခုအချိန်အထိ မဖွင့်လှစ်ရသေးဘူး။

 

 

အဆောက်အဦက ဒီဇိုင်းမှာ ပါတဲ့အမြင့်ကို ၁၉၉၂ ခုနှစ်မျာ ရောက်ရှိတယ်။ ပြတင်းပေါက်တွေ မတပ်ရသေးဘူး။ အထဲမှာလည်း ဟောင်းလောင်း ဖြစ်နေတာ ၁၆ နှစ်ကြာတယ်။ နံရံကွန်ကရိသားတွေ အတိုင်းသား မြင်နေရတယ်။ မြင့်မြင့်မားမား ပုံဆိုးပန်းဆုံး အဆောက်အဉီအဖြစ် မြို့တော်ကို ငုံ့ကြည့်နေတယ်။ အနီးမှာ ရှိရှိသမျှ အဆောက်အဉီတွေက သူနဲ့ ယှဉ်လိုက်ရင် တိုက်ပုလေးတွေ ဖြစ်နေကြတယ်။ ပျက်ကိန်းဆိုက်ဟိုတယ်လို့ အမည်ပေးခံရတယ်။ 
ဆောက်လုပ်ရေးလောကမှာတော့ အထပ်ပေါင်း ၁၀၅ ထပ် ပါသဖြင့်  105 Building လို့ ခေါ်ကြတယ်။ 

ဟိုတယ်စီမံကိန်းကို ပြန်စပြီးတဲ့အခါ သတ္တုဘောင်တွေ နံရံအပြင်ဘက်မှာ တပ်ဆင်ပြီး မှန်တွေ ဘောင်ထဲမှာ တပ်တယ်။ နောက်တော့ LED မီးအလှတွေ အပေါ်ကနေ တပ်ဆင်လိုက်ပြီး ညဘက် မီးထွန်းထားလိုက်တဲ့အခါ မြို့ကျက်သရေဆောင် မိုးထိတိုက်ကြီး ဖြစ်လာတယ်။ 

ဆောက်လုပ်ရေး လုပ်ငန်းခွင်ကတော့ ပြန်စလိုက် ပြန်ရပ်လိုက်နဲ့ ဖြစ်နေလို့ ဘယ်တော့ ဖွင့်လှစ်မှာလဲလို့ ဘယ်သူမှ မမေးကြတော့ဘူး။

 နေသူမရှိတဲ့ မိုးထိဟိုတယ်ကြီးက မြောက်ကိုရီးယားတွင် အမြင့်ဆုံး အဆောက်အဦဖြစ်ပြီး Guinness World Records တွင် လူမနေသည့် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦအဖြစ် ကမ္ဘာ့စံချိန်တင်ထားပါတယ်။

 

 

 

အပြိုင်အဆိုင် အသာရဖို့

 Ryugyong Hotel က တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားတို့ စစ်အေးကာလရဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ 
တောင်ကိုရီးယား ဆောက်လုပ်ရေးလုပ်ငန်းက စင်ကာပူမှာ ကမ္ဘာ့အမြင့်ဆုံး ဟိုတယ် စံချိန်တင်မယ့် Westin Stamford ဟိုတယ်ကို ဆောက်လုပ်တယ်။ 
တောင်ကိုရီးယား လက်ထဲ ရောက်မယ့် အမြင့်ဆုံးဟိုတယ် ကမ္ဘာ့စံချိန်ကို မြောက်ကိုရီးယားက လုယူဖို့ ကြိုးပမ်းတဲ့အနေဖြင့်  Ryugyong Hotel  ကို ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်အဖြစ် တည်ဆောက်တယ်။ အမည်မှာ ဟိုတယ်ပါအောင် ပေးထားပေမဲ့ လူနေတိုက်ခန်းတွေလည်း ပါတယ်။ စွယ်စုံသုံး အဆောက်အဦတစ်ခုသာ ဖြစ်ပါတယ်။ အားချင်း နှစ်နှစ်နဲ့ အပြီး တည်ဆောက်မယ်လို့ ဆိုတယ်။ မြောက်ကိုရီးယား စီးပွားရေးအကျပ်အတည်းကို ကြုံတာကြောင့် အပြင်နံရံတွေ ပြီးစီးသွားပြီးတဲ့နောက် ၁၉၉၂ ခုနှစ်မှာ ရပ်ဆိုင်းထားလိုက်ရတယ်။ တိုက်ထိပ်မှာ ထားတဲ့ ကရိန်း ကျန်ရစ်ခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ ဆောက်လုပ်ရေး ပြန်စတယ်။

 


အဆောက်အဦမှာ တောင်ပံသုံးခု ပါတယ်။ ၇၅ ဒီဂရီ စောင်းထားတယ်။ ထိပ်မှာ သွားစုတယ်။ အပေါ်ဆုံး ၁၅ ထပ်ကို ငုံပေးထားတယ်။ အဲဒီမှာ စားသောက်ဆိုင်တွေ အဲဒီမှာ ထားရှိမယ်။ မြို့တော်ကို ငုံ့ကြည်ကြဖို့ နေရာတွေလည်း ထားရှိပေးမယ်။ 

အဆောက်အဦကိ သံမဏိနဲ့ အားဖြည့်တင်းတဲ့ ပုံစံမျိုး မဟုတ်ဘဲ ကွန်ကရိနဲ့ အားဖြည့်တင်းထားတယ်။ 
စင်ကာပူမှ ဗိသုကာ ပညာရှင် Calvin Chua “အပေါ်ပိုင်း အထပ်တွေ ပိုပေါ့ဖို့ လိုအပ်လို့ အခုလိုမျိုး ပုံစံနဲ့ ဆောက်ထားတာ ဖြစ်မယ်” လို့ သုံးသပ်တယ်။ 

 

 

ပြန်စ

၁၆ နှစ်ကြာ ရပ်ထားပြီး ၂၀၀၈ ခုနှစ်မှာ ဆောက်လုပ်ရေး ပြန်စတယ်။
မြောက်ကိုရီးယားမှာ  3G network လာရောက်လုပ်ကိုင်နေတဲ့ အီဂျစ်လုပ်ငန်းစုကြီး Orascom က ကန်ထရိုက်ရယူပြီး လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ 
ထိပ်မှာ နေရာယူထားတဲ့ ကရိန်းက သံချေးတွေ တက်နေပြီ။ ကရိန်းကို ဖယ်ရှားပစ်လိုက်ကြတယ်။ အီဂျစ် အင်ဂျင်နီယာတွေရဲ့ကြီးကြပ်မှုအောက်မှာ နံရံအပြင်ဘက် သံဘောင်တွေ တပ်တယ်။ သံဘောင်တွေမှာ မှန်ပြားတွေ တပ်ဆင်တယ်။ အဲဒီနှစ်မျိုးအတွက် ပစ္စည်းဖိုးက အမေရိကန်ဒေါ်လာ သန်း၈၀၀ ကုန်ကျတယ်။ 
ကွန်ကရစ်နံရံပေါ် အခွံအလှတပ်ပေးထားလိုက်တာ ဖြစ်ပါတယ်။ အကျည်းတန်နေတဲ့  Ryugyong Hotel  ကျက်သရေ ရှိသွားတယ်။

 

 

စီမံကိန်းက ၂၀၁၁ ခုနှစ်မှာ ပြီးဆုံးသွားတယ်။ ဟိုတယ်ဖွင့်တော့မယ်လို့ တွက်ဆနေကြတယ်။
၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဂျာမနီမှ ဇိမ်ခံဟိုတယ်လုပ်ငန်းစု Kempinski က သူတို့ရဲ့ အုပ်ချုပ်စီမံမှုအောက်မှာ ထားရှိမယ့်   Ryugyong Hotel  ကို ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ဖွင့်လှစ်မယ်လို့ ကြေညာတယ်။ လပိုင်းအကြာမှာ နောက်ဆုတ်သွားတယ်။ ဈေးကွက်အခြေအနေအရ လောလောဆယ်မှာ မဖြစ်နိုင်သေးဘူးလို့ ဆိုတယ်။ 

၂၀၁၂ ခုနှစ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေအရ ဟိုတယ်အတွင်းပိုင်းမှာ ဘာမှ ဟုတ်တိပတ်တိ မလုပ်ရသေးဘူး။ အခွံသက်သက်  အဆောက်အဦကြီး ဖြစ်နေဆဲပဲ။ 

 


၂၀၁၈ ခုနှစ်မှာ  Ryugyong Hotel  ပြန်အသက်ဝင်လာတယ်။ အပြင်ဘက်မှာ LED မီးရောင်းစုံ အလှဆင်တယ်။ ညဘက်မှာ မီးအလှထွန်းတယ်။ ပြုံယွမ်းမြို့တော်ရဲ့ အကြီးမားဆုံး မီးထွန်းအလှပြ တစ်ခုအဖြစ် ကျက်သရေ ဆောင်ပေးတယ်။ ဝါဒဖြန့်ဖို့ အတွက်လည်း အသုံးချတယ်။ အစိုးရရဲ့ အာဘော်တွေကို မီးရောင်စုံသုံးပြီး စာလုံးတွေ ဖော်ပြပေးတယ်။ မြောက်ကိုရီးယား သမိုင်းကို လေးမိနစ် ပြတယ်။ ဝါဒဖြန့် ကြွေးကြော်သံတွေ ဖော်ပြတယ်။ ကြီးမားတဲ့ အရွယ်အစားဖြင့် နိုင်ငံတော်အလံကို ပြတယ်။ 
ညတိုင်းတော့ မပြနိုင်ဘူး။ လျှပ်စစ်ဓာတ်အားက ပေါပေါများများ မရရှိနိုင်လို့ နေ့ထူးနေ့မြတ်တွေမှာ ပြသတယ်။ 

 


၂၀၁၈ ခုနှစ် ဇွန်လမှာ ဟိုတယ်အမည် ဆိုင်းဘုတ်ကို တပ်ဆင်တယ်။  "The Ryugyong Hotel" ကို ကိုရီးယားနဲ့ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြထားတယ်။

 


 

ကိုရီးယား ကျွန်းဆွယ်မှာ Ryugyong Hotel က အမြင့်ဆုံး အဆောက်အဦ မဟုတ်တော့ဘူး။ သူ့ထက် ပေ ၈၀၀ နီးပါး ပိုမြင့်မားတဲ့ အဆောက်အဦဖြစ်တဲ့ တောင်ကိုရီးယား ဆိုးလ်မြို့မှ Lotte World Tower ကို ၂၀၁၇ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တယ်။ မြောက်ကိုရီးယားမှာတော့ အမြင့်ဆုံး အဆောက်အဦ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။
တကယ်လို့ ဖွင့်လှစ်ဖြစ်ခဲ့လို့ လူတွေ နေကြပြီ ဆိုရင်တော့ Guinness World Records တွင် ‘လူမနေသည့်’ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦအဖြစ် ကမ္ဘာ့စံချိန်တင်ခံထားတာကို ရုပ်သိမ်းခံရမှာ ဖြစ်ပါတယ်။ 

 

ကိုးကား CNN
 

Global Read 602 times