အငြိမ်းစားဝန်ထမ်းအိမ်ယာအတွက် ငွေသွင်းပြီးသူများအား တိုက်ခန်းများ မဲနှိုက်ခြင်းကို ထုတ်လွှင့်ပေးမည်

02 January, 2021

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား - တောင်ညို လမ်းဘေး၊ မြို့မဈေးအနီး အငြိမ်းစားဝန်ထမ်းအိမ်ယာတွင် ဒုတိယအဆင့် ဆောက်လုပ်သည့် တိုက် ၁၂၅ လုံးတို့၌ တိုက်ခန်း လျှောက်ထားသူများအနက် ငွေပေးသွင်းပြီးသူများအား တိုက်ခန်းမဲနှိုက် နေရာချမည့် အစီအစဉ်ကို ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်နေ့ နံနက် ၉:၀၀ နာရီမှ စပြီး နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ NPTDC Webportal Facebook Page တွင် တိုက်ရိုက် ထုတ်လွှင့်ပေးသွားမည် ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ အငြိမ်းစား ဝန်ထမ်းအိမ်ယာများ စိစစ်နေရာချထားရေး ဆပ်ကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ မင်္ဂလာခန်းမ၌ ပြုလုပ်မည့် အဆိုပါ အခမ်းအနားသို့ COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း လူစုလူဝေး မဖြစ်စေရေးအတွက် တိုက်ခန်းဖိုးငွေ သွင်းပြီးသူများကို ဖိတ်ကြားခြင်း မပြုတော့ဘဲ လျှောက်ထားသူများကိုယ်စား အငြိမ်းစားဝန်ထမ်းအိမ်ယာ တည်ဆောက်ရေး ဦးစီးကော်မတီက မဲနှိုက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများကို တိုက်ရိုက် (live) ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြပါရှိသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်း အိမ်ယာစီမံကိန်းကို နေပြည်တော် မြို့မဈေးအနီး၊ ပျဉ်းမနား-တောင်ညို လမ်းဘေးရှိ မြေဧရိယာ ၂၃၀ ဧက အပေါ်တွင် တည်ဆောက်လျက်ရှိရာ အိပ်ခန်းနှစ်ခန်းပါ အကျယ် ၆၅၀ စတုရန်းပေ အခန်း လေးခန်းတွဲ လေးထပ်တိုက်များ အဖြစ် ဆောက်လုပ် လျက်ရှိကြောင်း၊ ပထမအဆင့် ဆောက်လုပ်ခဲ့သည့် တိုက် ၃၉ လုံးရှိ အခန်းများအား ရောင်းချခဲ့ပြီး ယခု ဒုတိအဆင့် ဆောက်လုပ်ခဲ့သည့် တိုက် ၁၂၅ လုံးမှ အခန်းများကို ရောင်းချပြီး မဲနှိုက်နေရာချပေးခြင်း ဖြစ်ကြောင်း၊ 

မြေညီထပ်နှင့် ပထမထပ်ရှိ အခန်းများအား အငြိမ်းစား ဝန်ထမ်းနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများအား ရောင်းချပေးပြီး ဖြစ်သည့်အတွက် ကျန်ရှိသော ဒုတိယထပ်နှင့် တတိယထပ်တို့ကို အများ ပြည်သူတို့အား ရောင်းချပေးမည် ဖြစ်ကြောင်း၊ ဒုတိယထပ် တစ်ခန်းလျှင် ငွေကျပ် ၂၃၀ သိန်း၊ တတိယထပ် တစ်ခန်းလျှင် ငွေကျပ် ၂၁၅ သိန်းဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားလိုပါက [email protected] သို့ လျှောက်ထား နိုင်ကြောင်း သိရသည်။  

(Xinhua)

Public Housing Read 341 times