ဒေါပုံတံတားဟောင်းကို ပြည်သူများ အပန်းဖြေအနားယူနိုင်မည့် လမ်းအဖြစ် ပြုပြင်တည်ဆောက်


20 December, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒေါပုံ မြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်အကြား ဆက်သွယ် ထားသော ဒေါပုံတံတားဟောင်းကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ယခုအခါ လူသွားလမ်းနှင့် စက်ဘီးစီးလမ်းအဖြစ် ပြန်လည်အသုံးပြုပြီး ပြည်သူများ အပန်းဖြေရာနေရာအဖြစ် ပြုပြင်တည်ဆောက်နေပြီဖြစ် ကြောင်း သိရသည်။

 

အဆိုပါစီမံကိန်းသည် ယခင်က ကိုလံဘို စီမံကိန်းအရ ဆောက်လုပ်ခဲ့သော ဒေါပုံတံတားဟောင်းကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်း/တံတား ဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့က Linear Park ဧရိယာ အဖြစ် ယခုနှစ် အောက်တိုဘာလပိုင်းမှစတင်ကာ အဆင့် မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

"ဒေါပုံမြို့နယ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ကို ဆက်စပ်ပေးထားပြီး လတ်တလောမှာ အသုံးမပြုတော့တဲ့ဒီဒေါပုံတံတားဟောင်းကြီးမှာ လူတွေအန္တရာယ်ကင်းစွာ နဲ့ ကူးသန်းသွားလာနိုင်အောင် အဆင့်မြင့် စက်ဘီးလမ်း နှင့် လူသွားလမ်းရရှိအောင် ဆောင်ရွက်နေတာပါ။

 

ဒီလို သွားလာရင်းနဲ့ မြို့ပြရဲ့မွမ်းကျပ်နေတဲ့ အရာတွေကို ဒီတံတားပေါ် ဖြတ်သန်းရင်း လေကောင်းလေသန့်တွေ ရှူရှိုက်ကာ အပန်းဖြေအနားယူနိုင်အောင် လမ်းလယ် ပန်းခြံကျွန်းလေးတွေကိုလည်း ဆောင်ရွက်နေပါတယ်။ လူတွေက စက်ဘီးစီးပြီး နံနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ တံတားပေါ်လာ အနားယူအပန်းဖြေတာလေးတွေ လည်းရှိနေကြတော့ ဒီဒေါပုံတံတားဟောင်းကို အပန်းဖြေ စရာနေရာလေးဖြစ်အောင် သွားလာရေးလည်း အဆင်ပြေ အောင် ဆောင်ရွက်နေတာပါ။

 

ဒီလို ဆောင်ရွက်ခြင်းဖြင့် ဒေါပုံဂျပန်တံတားသစ်ကြီးမှာ ယာဉ်တွေကြား လူတွေ၊ စက်ဘီးတွေ တိုးဝှေ့သွားလာစရာ မလိုဘဲ ဒီတံတားဟောင်း ကနေ ယာဉ်အန္တရာယ်ကင်းရှင်းစွာနဲ့ သီးသန့်သွားလာနိုင် မှာ ဖြစ်ပါတယ်။ ယခုနှစ်ကုန်ပိုင်း အားကစားလမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်နေပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာတစ်ဦးက ပြောသည်။

 

ယခုအခါတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီလမ်း/တံတားဆိုင်ရာ လုပ်ငန်းတာ၀န်ခံအဖွဲ့က တာဝန်ယူဆောင်ရွက်နေသော ဒေါပုံတံတားဟောင်းတွင် အများပြည်သူများ အနားယူအပန်းဖြေစေနိုင်မည့် လမ်းလယ် ပန်းခြံကျွန်းငယ်များ တည်ဆောက်ခြင်း၊ စက်ဘီးနှင့် လူများ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်စေရန် တံတား ကြမ်းခင်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ထိန်းသိမ်း ထားသော တံတားများကို ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တံတားဆိုင်ရာလုပ်ငန်း တာဝန်ခံအဖွဲ့က ပြန်လည်လွှဲပြောင်းရယူပြီး ထိုတံတား များကို ရေရှည်တည်တံ့နိုင်စေရန် ကြံ့ခိုင်မှုအပိုင်းများ ထိန်းသိမ်းခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

 

အဆိုပါစီမံကိန်းတည်ဆောက်ပြီးစီးသွားပါက ရန်ကုန် မြို့၏ ပထမဆုံးပန်းခြံတံတားအဖြစ် ပြောင်းလဲတိုးတက်လာ မည်ဖြစ်သည်။

Mixed Use and Urban Read 66 times