ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ရောင်းချခွင့် မှတ်ပုံတင်ရမည်


12 December, 2019

ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် လယ်ယာသုံးစက်ကိရိယာများ တင်သွင်းရောင်းချခြင်း (ကုန်သွယ်ခြင်း) ဆောင်ရွက်လျက်ရှိသည့် လက်လီ/လက်ကား ရောင်းချခွင့်လုပ်ငန်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

 

ပြည်ပမှ ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် လယ်ယာသုံးစက်ကိရိယာများ စသည့် ကုန်ပစ္စည်းခြောက်မျိုးကို ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ရယူ၍ တင်သွင်းရောင်းချခြင်းဆောင် ရွက်လျက်ရှိသည့် နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာ နိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများသည် မှတ်ပုံတင်ရန် ကြေညာချက်ထုတ်ပြန်သည့် မေလ ၂၃ ရက်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း လုပ်ငန်းမှတ်ပုံတင်ရမည်ဖြစ်သည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လက်လီ၊ လက်ကားလုပ်ငန်းများကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများကို ၂၀၁၈ ခုနှစ် မေလအတွင်းက စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ဦးစားပေးရောင်းချခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စု ၂၄ မျိုးစာရင်းကို သတ်မှတ်ထားခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီများသည် သတ်မှတ်စည်းကမ်းများနှင့်အညီလိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ရောင်းချသည့် ကုန်ပစ္စည်းအပေါ် ကနဦး ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ရောင်းချသည့်ဆိုင်၏ အကျယ်အဝန်းတို့သည် ပြဋ္ဌာန်းထားသည့် ပမာဏပြည့်မီမှုမရှိသေးလျှင် ယင်းလိုအပ် ချက်များကို မှတ်ပုံတင်ပြီးငါးနှစ်အတွင်း ပြည့်မီစေရန် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

 

လက်လီ၊ လက်ကားလုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုချက်တွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်ပိုင်သည့်လုပ်ငန်းများသည် လက်လီလုပ်ငန်းလုပ်ကိုင်ပါက မြေငှားရမ်းခမပါဝင်ဘဲ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး လက် ကားလုပ်ငန်း လုပ်ကိုင်ပါက အမေရိကန်ဒေါ်လာငါးသန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကာ စတုရန်းမီတာ ၉၀၀ အထက်ရှိသည့် စူပါမားကတ်အကြီးစားများကိုသာ ဖွင့်ခွင့်ပြုမည်ဖြစ်ပြီး Convenience စတိုးဆိုင်လေးများကို ဖွင့်ခွင့်ပြုမည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

 

သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်သည့် ကုမ္ပဏီများကို သက်ဆိုင်ရာတည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာ၊ အမိန့်၊ ညွှန်ကြားချက်၊စည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

Laws and Regulations Read 191 times