အိမ်၊ ခြံ၊ မြေရောင်းဝယ်ရေး အခွန်ကောက်ဥပဒေကြမ်းတွင် ဝင်ငွေခွန်လျှော့ချထား


14 August, 2019

မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများဖြစ်သည့် အိမ်၊ခြံ၊မြေ၊အိုးအိမ်၊တိုက်တာအခြေပစ္စည်း အရောင်းအဝယ်အပေါ်ဝင်ငွေခွန်ကောက်ခံသည့် နှုန်းထားများ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် လျှော့ချလိုက်သည်။

သြဂုတ်လ ၇ ရက်နေ့က ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်သွင်းခဲ့သည်။

ယခင်နှစ်က အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊တည်ဆောက်ခြင်း၊ ရယူခြင်းနှင့်လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ခြင်းများအတွက် အသုံးပြုမည့်ငွေကြေးများအပေါ် ဝင်ငွေခွန်ကောက်ခံရာတွင် တစ်ကျပ်မှ ကျပ်သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊ကျပ်သိန်း ၃ဝဝ အထက်မှ ကျပ်သိန်း ၁ဝဝဝ အထိ ၂၀ ရာခိုင်နှုန်း၊ကျပ်သိန်း ၁ဝဝဝ အထက်ကို ၃၀ ရာခိုင်နှုန်းကောက်ခံခဲ့သည်။

ယခုနှစ်တွင် တစ်ကျပ်မှ ကျပ်သိန်း ၁ဝဝဝ အထိ သုံးရာခိုင်နှုန်း၊ကျပ်သိန်း ၁ဝဝဝ အထက်မှ ကျပ်သိန်း ၃ဝဝဝ အထိ ငါးရာခိုင်နှုန်း၊ကျပ်သိန်း ၃ဝဝဝ အထက်မှ ကျပ်သိန်း ၃၀,ဝဝဝ အထိ ၁၀ ရာခိုင်နှုန်း၊ကျပ်သိန်း ၃၀,ဝဝဝ အထက် ၃၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု အခွန်အကောက် ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

 ဒုတိယဝန်ကြီးက လျှော့ချသတ်မှတ်ခြင်း၏ ရည်ရွယ်ချက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့အနေနှင့် နိုင်ငံတော်၏ လက်ရှိစီးပွားရေးအခြေအနေကို ပိုမိုတိုးတက်ကောင်း မွန်လာစေရန် တွန်းအားပေးဆောင်ရွက်သည့် အနေဖြင့် ပြည်တွင်းရင်းနှီးမြှုုပ်နှံမှုနှင့် စားသုံးမှုများတိုးမြင့်လာစေရန် အလို့ငှာ ပြည်သူအများလက်ဝယ်ရှိ စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေများ ပြန်လည်ပေါ်ထွက်လာစေရန်အတွက်ဖြစ်ကြောင်း ပြောထားသည်။

ယခုကဲ့သို့ ဝင်ငွေခွန်နှုန်းထားလျှော့ချပေးခြင်းကို အခြေပစ္စည်းတစ်ရပ်ရပ်ဝယ်ယူခြင်း၊တည်ဆောက် ခြင်း၊ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့များအတွက် အသုံးပြုမည့်ငွေကြေးများ အပေါ်၌သာ ခံစားရရှိမည်ဖြစ်သည်။

ယခုကဲ့သို့ဆောင်ရွက်သည့်နေရာတွင် ဖော်ထုတ်တင်ပြသည့် ငွေသည်တရားမဝင်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ရောင်းဝယ်ခြင်းတို့မှ ရရှိသည့် ဝင်ငွေများနှင့်ငွေကြေးခဝါချ မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့် ကိစ္စများနှင့်သက်ဆိုင်မှုမရှိကြောင်း၊၎င်းငွေကြေးများအတွက် သက်ဆိုင်ရာဥပဒေများအရသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောထားသည်။

 

Laws and Regulations Read 71 times