ကိုယ်ပိုင်အိမ်ရောင်းချင်သူများအတွက် အစီအစဉ်အသစ်ပါဝင်သော အိမ်ခြံမြေအရောင်းပြပွဲ ကျင်းပမည်


10 December, 2019

 မြန်မာနိုင်ငံ၏ ထင်ရှားသည့် အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက်တစ်ခုဖြစ်သော ShweProperty.com မှ အိမ်ရာရောင်းချသည့် အစီအစဉ်သစ်များ ပါဝင်သော စတုတ္ထအကြိမ်မြောက် အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကို မတ် ၁၅ ရက်မှ ၁၇ ရက်ထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင်

ကျင်းပမည်ဖြစ်သည်။

 

        အိမ်ခြံမြေအရောင်းပြပွဲများတွင် ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲတိုက်ခန်းများ၊ ကွန်ဒိုများကို ရောင်းချလေ့ရှိကြသော်လည်း ယခုအခါ ShweProperty.com မှ အိမ်ခြံမြေရောင်းလိုသော မြေကွက်ရှိသူများ၊ အိမ်ခန်းရှိသူများအတွက် ကိုယ်တိုင်သော်လည်းကောင်း၊ShweProperty website မှသော်လည်းကောင်း ရောင်းချနိုင်ရန်အတွက် Sell with Shwe Property ဆိုသော အစီအစဉ်သစ်တစ်ခုကို ပြပွဲတွင် ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ShweProperty.com  ၏ တည်ထောင်သူနှင့် ဒါရိုက်တာ ဦးကောင်းသူဝင်းက ပြောသည်။

 

        "ကိုယ်ရောင်းချင်တဲ့ အချက်အလက်ကို ယူလာပြီး ShweProperty.com  မှာ အပ်နှံသွားနိုင်ပါတယ်။ တချို့အိမ်ခြံမြေတွေကို ဒီပွဲအတွင်းမှာ ရောင်းချသွားနိုင်သလို ဖုန်းအက်ပလီကေးရှင်းနဲ့ ဝက်ဘ်ဆိုက်ကနေတစ်ဆင့်လည်း ရောင်းချသွားနိုင်အောင် စီစဉ်ပေးသွားမှာဖြစ် ပါတယ်"ဟု ဦးကောင်းသူဝင်းက ဆိုသည်။

 

        ပြပွဲတွင် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ၈၀ ကျော် ပါဝင်မည်ဖြစ်ပြီး အိမ်ရာချေးငွေထုတ်ချေးပေးမည့် AYA Bank, KBZ Bank  နှင့် CB Bank တို့မှ အိမ်ရာအတိုးနှုန်းကို ၁၁ ရာခိုင်နှုန်းထိ အထူးလျှော့ချပေးခြင်းများအပြင် အိမ်ရာချေးငွေအစီအစဉ်သစ်များနှင့် ရောင်းပေးရန် စီစဉ်ထားသည်။

 ရန်ကုန်မြို့၏ အိမ်ရာစီမံကိန်းများဖြစ်သော Golden City, Emerald Bay, City Loft, Yone Min Development, Thiri Zaw Construction,  မိုးမြင့်စံဆောက်လုပ်ရေး၊ MMM Construction, Sun Myat Tun Construction, တိုးတက်သာဆောက်လုပ်ရေး၊ Chin Su Mayflower, Shine Construction စသောကုမ္ပဏီများ ပါဝင်ပြသ ရောင်းချသွားမည် ဖြစ်သည်။

 

        "ကျွန်တော်တို့ ShweProperty ဝက်ဘ်ဆိုက်ကနေ တစ်ဆင့် အိမ်ရာချေးငွေလျှောက်လွှာပေါင်း ၄,ဝဝဝ ကျော်ကို ကူညီပေးနေပါတယ်။ တကယ်လို့ ပြပွဲကိုလာရောက်ဖို့ အချိန်မရခဲ့ရင် ကျွန်တော်တို့ဝက်ဘ်ဆိုက်ကနေတစ်ဆင့် လျှောက်ထားနိုင်ပြီး လုပ်ဆောင်ချက်အဆင့်ဆင့်ကိုလည်း ဝန်ဆောင်မှုပေးသွားမှာပါ" ဟု Mr. Kevin Goos က ဆိုသည်။

 

        ရန်ကုန်မြို့ရှိ BCC ကျပြီး အသင့်နေထိုင်နိုင်သည့် အိမ်ခန်းများ၊ ဆောက်လုပ်ဆဲအိမ်ရာများ၊ တိုက်ခန်းများ၊ မီနီကွန်ဒိုများနှင့် ကွန်ဒိုစုစုပေါင်း ၄,ဝဝဝ ကျော် ပါဝင်မည့်အပြင် ကုမ္ပဏီများ၏ စီမံကိန်းအသစ်များ၊ မဆောက်လုပ်မီနှင့် ဆောက်လုပ်ပြီး လက်ကျန်အိမ်ရာများကို အထူးလျှော့ဈေးများဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း ဦးကောင်းသူဝင်းက ပြောသည်။

 

        "ပုံမှန်ဝင်ငွေရှိပြီး လက်ထဲမှာ ငွေတစ်လုံးတစ်ခဲတည်းမရှိပေမဲ့ အိမ်ဝယ်ချင်တဲ့သူတွေအတွက် ဒီပွဲကို လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အိမ်ရာဝယ်ယူချင်တဲ့သူတွေအတွက် အိမ်ရာရွေးချယ်ဝယ်ယူခွင့်နဲ့ အိမ်ရာချေးငွေ လျှောက်ထားခြင်းဆိုင်ရာ ကိစ္စတွေကိုလည်း သေချာဝန်ဆောင်မှုပေးသွားမှာပါ"ဟု ဦးကောင်းသူဝင်းက ဆိုသည်။

 

        ၂၀၁၇ ခုနှစ်တွင် အိမ်ခြံမြေကဏ္ဍမှာ အေးစက်နေခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ဘဏ်များ၏ အိမ်ရာချေးငွေများ၊ အိမ်ရာဆောက်လုပ်သော ကုမ္ပဏီများ၏ ငွေပေးချေမှုစနစ်များကြောင့် အိမ်ရာအရောင်းအဝယ်များ ပြန်လည်တက်လာခဲ့သည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

 

        "ဘဏ်ဖွင့်တဲ့အချိန်က နည်းတာကြောင့် အိမ်ရာချေးငွေနဲ့ပတ်သက်ပြီး သိလိုတာတွေကို အိမ်ရာပြပွဲတွေမှာပဲ ကိုယ်ကြိုက်တဲ့ ဘဏ်မှာ ဝင်ရောက်ပြီးမေးမြန်းနိုင်ပါတယ်။ အိမ်ရာချေးငွေရယူလိုသူတွေအနေနဲ့ ဘာတွေပြင်ဆင်ရမလဲဆိုတာကိုလည်း သေချာအချိန်ယူပြီး ရှင်းပြပေးနိုင်မှာဖြစ်ပါတယ်"ဟု ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ခင်နီလာအောင်က ပြောသည်။ 

Events Read 156 times