အိမ်ခြံမြေအကျိုးဆောင်များကို အရည်အချင်းစစ် စာမေးပွဲဖြေဆိုကာ လိုင်စင်ထုတ်ပေးသွားမည်


05 December, 2020

  အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ အကျိုးဆောင်တွေကို အရည်အချင်းစစ်စာမေးပွဲဖြေဆိုကာ လိုင်စင်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လိုင်စင်ထုတ်ပေးတဲ့အခါ အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုရမှာဖြစ်ပြီး လိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်ရင် ထောင်ဒဏ်(၆)လနဲ့ ငွေဒဏ်ကျပ်သိန်း (၃ဝ)သတ်မှတ်ထားကြောင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်းက သိရပါတယ်။

          လိုင်စင်သတ်မှတ်ပေးထားခြင်းဟာ နိုင်ငံတော်အတွက် အခွန်အခရရှိစေရန်နဲ့ အကျိုးဆောင်ခယူပြီး လုပ်ငန်းပြီးပြတ်အောင် မဆောင်ရွက်ပေးတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အိမ်ခြံမြေဈေးကွက်ကို ဝင်ရောက်လာစေဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။အုပ်စုဖွဲ့ လုပ်ကိုင်သူတွေကို အေဂျင်စီထုတ်ပေးမှာဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်လိုသူတွေကိုတော့ အေးဂျင့်လိုင်စင် ထုတ်ပေးမှာ ဖြစ်ပါတယ်။

          အိမ်ခြံမြေဝန်ဆောင်မှုလိုင်စင်ထုတ်ပေးပြီး စည်းကမ်းသတ်မှတ်ထားပေးခြင်းဟာ ဝန်ဆောင်မှုပေးသူတွေအနေနဲ့ အိမ်ခြံမြေ ရောင်းဝယ်ငှားလုပ်ရာမှာ သတ်မှတ်ဈေးထက် ပိုရောင်းချခွင့် မပြုလုပ်ရန်အတွက်နဲ့ အကျိုးဆောင်တချို့ရဲ့ လိမ်လည်မှုဒဏ်က ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်မရှိသူ (၅)မျိုးကို သတ်မှတ်ထားပါတယ်။ အဲသည် (၅)မျိုးကတော့ စိတ်ပေါ့ပါးရူးသွပ်သူ၊ သာသနာ့ဘောင်ကို အမြဲကူးပြောင်းသွားသူ၊ လိုင်စင် မရှိသူ၊ လူမွဲစာရင်း ကြေညာထားသူ၊ စာရိတ္တပျက်ယွင်းသူတို့ ဖြစ်ပါတယ်။

Laws and Regulations Read 72 times