ရခိုင်မှာ ဆောက်လုပ်ရေးလုပ်ငန်းရပ်တာကြောင့် အလုပ်ရှင် အလုပ်သမား ထိခိုက်နေ


02 October, 2021

ရခိုင်ပြည်နယ်တွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ကုန်တာကြောင့် လုပ်ငန်းရှင်တွေရော အလုပ်သမားတွေပါ အခက်ကြုံနေကြရပါတယ်။ ဘယ်လိုအခြေအနေတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ကုန်တာပါလဲ. . . 

ရခိုင်ပြည်နယ်မှာ စက်သုံးဆီတွေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတက်လာတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်း တွေ ရပ်နေတယ်လို့ အဆောက်အဦး ကန်ထရိုက်ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးစိုးလွင်က ပြောပါတယ်။

“အကုန်တက်ပါတယ်။ ဘိလပ်မြေတို့ အုတ်၊ သဲ၊ ကျောက်တို့ အကုန်တက်ပါတယ်။ စက်သုံးဆီဈေးတက်တယ်ဆိုကတည်းက အုတ်၊ သဲ၊ ကျောက်တွေက ကားနဲ့လုပ်ရတာဆိုတော့ အဲဒါတွေလည်းဈေးတက်ပါတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာက ဘယ်လိုပြောမလဲ၊ ပြည်မရဲ့ နိုင်ငံရေးအခင်းအကျင်းတွေကြောင့် ကုန်ဈေးနှုန်းတွေတက်တယ်၊ ကိုဗစ်ရောဂါကြောင့်၊ အကြောင်းကတော့ အဲဒါတွေကြောင့်ပဲ ရပ်သွားတာဖြစ်ပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေလည်း ထိုးတက်လာသလို ငွေကြေးလည်ပတ်မှုတွေလည်း အားနည်းတာတွေကြောင့် ဆောက်လက်စလုပ်ငန်းတွေကိုပါ ရပ်ထားရတယ်လို့လည်း ဦးစိုးလွင်ကပြောပါတယ်။

“လုပ်ငန်းတွေက ရပ်ထားပါတယ်။ ကျနော်ကိုယ်တိုင်လည်း ခံနေရပါတယ်။ ဒီ မောင်တောဆိုရင် ကျနော် လွန်ခဲ့တဲ့ ခြောက်လလောက်က အဆောက်အဦးသွားဆောက်ပါတယ်။ ကုမ္ပဏီကတော့ ပြည်မကပါပဲ။ ပိုက်ဆံလည်း သူတို့ မပေးနိုင်တော့ ကျနော်တို့လည်းမရဘူး ပိုက်ဆံက၊ လုပ်ငန်းလည်း မလုပ်ဘဲ ဒီအတိုင်းပဲ ရပ်ထားရပါတယ်။”

ရခိုင်ပြည်နယ်ဆိုတာက နဂိုကတည်းက အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ ပြည်နယ်တခုဖြစ်လို့ အလုပ်ရုံစက်ရုံတွေ ရှားပါးတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။ ဒီကြားထဲမှာပဲ ပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် သူတို့စားဝတ်နေရေးအတွက် မှီခိုလုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားရသလို တဘက်မှာလည်း ကုန်ဈေးနှုန်းတက်တာနဲ့ပါ ရင်ဆိုင်နေရတာပါ။

ဆောက်လုပ်ရေးကဏ္ဍက အောက်ခြေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ထဲ ကျောက်ဖြူမြို့ပေါ်က ပန်းရံလုပ်သား ဦးမောင်လှလည်း အပါအဝင်ပါ။

“ကျနော်တို့ ပန်းရံ ဆောက်လုပ်ရေးလုပ်ငန်း လုပ်နေတဲ့အဖွဲ့တွေမှာတော့ အလုပ်မရှိရင်တော့ စားဝတ်နေရေး တော်တော်များများ ဖြစ်တာပေါ့နော်။ ဒေသခံ ပန်းရံအဖွဲ့တွေ တော်တော်များများလည်း အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြတာပေါ့နော်။ ကိုဗစ် ၁၉ နဲ့ဆိုတော့၊ ဒီကြားထဲမှာ အခက်အခဲက တော်တော်များများ ဖြစ်နေကြတယ်ဗျာ။ အလုပ်မလုပ်ရတာလည်း တနှစ်ကျော်လောက်ရှိပြီဗျာ။ ဒီလိုမျိုးသာ ကုန်ဈေးနှုန်းတက် အလုပ်အကိုင်မရှိဘဲ ဖြစ်နေရင်တော့ ငတ်မယ့်အနေအထားကို ရောက်သွားနိုင်တာပေါ့နော်။”

ရခိုင်ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေတာနဲ့ပတ်သက်ပြီး ပြည်နယ်ကောင်စီက ဘာတွေအရေးယူ လုပ်ဆောင်နေသလဲဆိုတာသိရဖို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် တချို့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းသွားသလို ဆက်ပြီးမလည်ပတ်နိုင်ဘဲ ရပ်ထားရတဲ့ လုပ်ငန်းတွေလည်း ရှိနေတာပါ။

စက်သုံးဆီဈေးတွေနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာကြောင့် တခြား သယ်ယူပို့ဆောင်ရေးနဲ့ တနိုင်တပိုင်လုပ်ငန်းတွေလည်း ပုံမှန်လည်ပတ်နိုင်တဲ့ အခြေအနေမှာမရှိတော့ဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

VOA

Local Read 317 times