Public Shelter ဘက်စုံသုံး အဆောက်အဦကို ၂၀၂၁ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်


11 January, 2021

ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်ရေး၊ ရာသီပြောင်းလဲမှုနှင့် ဘေးအန္တရာယ်ဒဏ် ခံနိုင်ရည်ရှိသော လူမှုအသိုက်အဝန်းဖြစ်စေရေး၊ ထိရောက်သည့် ကယ်ဆယ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့် ပြည်သူများအား ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ရည်ရွယ်၍  အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ပံ့ပိုးထောက်ပံ့မှု Asian Disaster Preparedness Center (ADPC) မှ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အံ့ကြီးအနောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးရှိ အစိုးရပိုင်မြေပေါ်တွင် သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သော Public Shelter ဘက်စုံသုံး အဆောက်အဦကို ၂၀၂၁ ခုနှစ်အတွင်း ၈ လဖြင့် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့ မြို့နယ်အတွက် သဘာဝဘေးဒဏ်ခံနိုင်တဲ့ အဆောက်အဦကို ADB ရဲ့ ပံ့ပိုးမှု အမေရိကန်ဒေါ်လာ ၁ သိန်း ၉ သောင်း ကုန်ကျခံပြီးတော့ ADPC က စီမံခန့်ခွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမှာပါ၊ မြေအတွက် တန်ဖိုးမပါဘူး၊ အဆောက်အဦအတွက်ပဲ ဖြစ်ပါတယ်၊ ဒီစီမံကိန်း အကောင်အထည်ဖော်ဖို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ADB  နဲ့ ADPC တို့ ပူးပေါင်းပြီး စည်ပင်သာယာ နယ်နိမိတ် (၃၃)မြို့နယ်ထဲကနေ ရွေးချယ်လိုက်တယ်၊ မီးဘေး၊ လေဘေး၊ ရေဘေး စတဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေရှိတဲ့ ပင်လယ်ရဲ့ထွက်ပေါက်၊ ရန်ကုန်မြစ်နဲ့ နီးကပ်ပြီး ချောင်းများရှိသော ဒလမြို့နယ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက  အမှတ်ပေးပြီးတော့ ပထမအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်၊ ဒုတိယအဖြစ် မြောက်ဥက္ကလာပမြို့နယ်ကို ရွေးချယ်ခဲ့တယ်၊ ဒလမြို့နယ်မှာက အခြေခံလူတန်းစားနဲ့ ကျူးကျော်နေထိုင်သူတွေလည်း များတယ်၊ သဘာဝဘေးကြံ့ကြံ့ခံနိုင်တဲ့ အခြေခံအဆောက်အဦ မရှိသလောက်နည်းတယ်၊ ကိုယ့်မြို့နယ်မှာ သဘာဝဘေးဒဏ်ခံနိုင်တဲ့ အဆောက်အဦရှိတဲ့ အခါကျတော့ ပြည်သူတွေအတွက် ဘေးကင်းလုံခြုံရေးနဲ့  ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ ဒါ့အပြင် ဒီအဆောက်အဦကို ပြည်သူတွေ ဘက်စုံသုံးနိုင်အောင်လည်း ရည်ရွယ်ပြီးတော့ တည်ဆောက်သွားမှာဖြစ်ပါတယ်” ဟု ဒလမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သည့် Public Shelter ဘက်စုံသုံး အဆောက်အဦ တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍  မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ကြည်က  ပြောသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သည့် Public Shelter တည်ဆောက်ရာတွင် သောက်သုံးရေ ရှားပါးမှု အခက်အခဲမရှိစေရေးအတွက် ရေလှောင်ကန်၊ လျှပ်စစ်မီးပျက်ပါက Solar စနစ်ဖြင့် မီးရရှိရေး၊ ဒေသခံပြည်သူများအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သော ဘက်စုံသုံးနိုင်သည့် အဆောက်အဦ ဖြစ်စေရေးအတွက် ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒလမြို့နယ်၌ Public Shelter အဆောက်အဦ တည်ဆောက်နိုင်ရေးအတွက် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့မိမြို့ဖများ၊  အံ့ကြီးအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူတို့ ပါဝင်ဆွေးနွေးခဲ့ပြီး အဆောက်အဦ တည်ဆောက်မည့် မြေနေရာအား ရွေးချယ်သတ်မှတ်ခဲ့ကြောင်း၊ ဒလမြို့နယ်၌ မြေနေရာအတွက် စီမံမပေးနိုင်ပါက ဒုတိယရွေးချယ်ခံထားရသော မြောက်ဥက္ကလာပမြို့နယ်တွင် ရွေးချယ်တည်ဆောက်သွားနိုင်ကြောင်း၊ အဆိုပါ အဆောက်အဦကို ၂၀၂၁ ခုနှစ်တွင် ဖေဖော်ဝါရီလတွင် စတင်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး တည်ဆောက်ချိန် ၈ လဖြင့် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း၊ သြဂုတ်လအပြီး သတ်မှတ်ထားသော်လည်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ဆွေးနွေးအတည်ပြုချက် ကြန့်ကြာမှုကြောင့် အောက်တိုဘာလတွင် ပြီးစီးနိုင်ရန် ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အနေဖြင့် လူထုလူမှုအဖွဲ့အစည်းများ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေးစီမံကိန်း (JFPR- ADB Grant) အထောက်အပံ့ဖြင့် ဒလမြို့နယ်အတွင်း ရပ်ကွက်သုံးရပ်ကွက်ရှိ ပြည်သူများ သန့်ရှင်းသော ရေရရှိသုံးစွဲနိုင်ရန်၊ လူမှုဘဝနေထိုင်မှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ ရပ်ကွက်အဆင့် အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ အံ့ကြီးအနောက်ရပ်ကွက်၌ သောက်သုံးရေသန့်စက် ၃ ခု၊ (၆)နံပါတ် ရပ်ကွက်၌ ရေသန့်စက် ၂ ခု၊  ၁၁/၁၄ ရပ်ကွက်၌ ရေသန့်စက် ၁ ခု စုစုပေါင်း ရေသန့်စက် ၆ ခုတို့ကို တည်ဆောက်ပေးထားပြီး၊ သောက်သုံးရေကန်များအား ခြံစည်းရိုးကာရံခြင်း၊ အမှိုက်သိမ်းကား၊ လက်တွန်းလှည်း၊ အမှိုက်အိတ် စသည့် အမှိုက်သိမ်းစနစ်တို့ကို စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ ထို့အတူ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်နှစ်ရပ်ကွက်အား အလားတူ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

Factory and Industrial Plant Read 97 times