ကိုးလတွင်း အပြီးသတ်တည်ဆောက်မည့် ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ပြည်သူ့အဌားအိမ်ရာစီမံကိန်း


25 January, 2021

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ စံပြစိုက်ပျိုးရေးအထူးဇုန် နေရာရှိ ပြည်သူ့အဌားအိမ်ရာစီမံ ကိန်းအား ကိုးလအတွင်း အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှ သိရသည်။

“အဌားအိမ်ရာစီမံကိန်းကို ကျွန်တော်တို့အနေနဲ့ ဒီနှစ် စက်တင်ဘာလကုန်မှာ အပြီးဆောက်မှာပါ၊ ကိုးလအတွင်း တည်ဆောက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ပြောဆိုသည်။

ပြည်သူ့အဌားအိမ်ရာစီမံကိန်း(ရန်ကုန်) ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ချုပ်နှင့် လုပ်ငန်းလက်ခံကုမ္ပဏီများကြား၊ လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်များအား ဇန်နဝါရီ ၉ ရက်က ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ကနေ ဆောက်မည့် အဌားအိမ်ရာစီမံကိန်းအတွက် စာချုပ်ချုပ်ဆိုပြီးဖြစ်ပါတယ်၊ အသင်းဝင်တွေ အကုန်လုံး စာချုပ်ချုပ်ဆိုတာပေါ့၊ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ အသင်းတွေရယ်၊ အဖွဲ့ချုပ်မှာ ဝင်ထားတဲ့အသင်းဝင်တွေရယ်ပေါ့ စာချုပ်ချုုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ် “ ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးရှိန်ဝင်း ကပြောဆိုသည်။

ကိုဗစ်ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးအတွက် ရည်ရွယ်ကာ ပြည်သူများအတွက် အဌားအိမ်ရာ လေးခန်းတွဲ ငါးထပ် တည်ဆောက်ရေးစီမံကိန်း(ရန်ကုန်)တွင် အခန်းပေါင်း ၆,၃၀၀ အား ဆောက် လုပ်သွားမည်ဖြစ်သည်။

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအနီးရှိ စီမံကိန်းဧရိယာတွင် တည်ဆောက်မည့် အခန်း ၃,၀၀၀ ပါဝင်သည့် ပြည်သူ့အဌားအိမ်ရာစီမံကိန်း(မန္တလေး)မှာမှု စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေး လုပ်ငန်းရှင်များအသင်း(MDA)မှ သိရသည်။

ထို့ပြင် အိမ်ရာလိုအပ်ချက်ရှိနေသည့် ပြည်သူများအတွက် အဓိကမြို့ကြီးများတွင် အဌားအိမ်ရာစီမံကိန်းများဖော် ဆောင်လျက်ရှိပြီး နိုင်ငံတစ်ဝှမ်းအဌားအိမ်ရာစီမံကိန်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) ၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေး လုပ်ငန်းရှင်များအသင်း(MDA) ၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (MLCA) တို့ပူးပေါင်းကာ  အခန်းပေါင်း တစ်သောင်း တည်ဆောက်သွားမည်ဖြစ်ကာ ရန်ကုန်မြို့တွင် အခန်းပေါင်း ၆,၃၀၀၊ နေပြည်တော်တွင် အခန်းပေါင်း ၇,၀၀ နှင့် မန္တလေးမြို့တွင် အခန်း ပေါင်း ၃,၀၀၀ အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

iMyanmarHouse.com

Local Public Housing Read 838 times