ပြည်သူ့အိမ်ရာများအဆင့်မြှင့်တင်မှု


07 December, 2020

ရန်ကုန်မြို့ဘူတာရုံများအနီး ပြည်သူ့အိမ်ရာများအဆင့်မြှင့်တင်မှုကို မြို့ပတ်ရထားလမ်းပိုင်းတစ်ခုဖြစ်သည့် ကြို့ကုန်းဘူတာမှ စတင်အကောင်အထည်ဖော်ရန်စီစဉ်လျက်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မူဝါဒနှင့် စီမံကိန်းဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

        ထိုသို့ရထားလမ်းပိုင်းနှင့် မနီးမဝေးတွင် ရှိသည့်အိမ်ရာများအဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာတွင် ရထားလမ်းအဆင့်မြှင့်တင်ရေးနှင့် ဘူတာရုံများ Redevelopment Commercial စနစ်ဖြင့် တွဲသည့်စနစ်တို့ကိုဆောင်ရွက်မည်ဖြစ်ကြောင်း၊ရန်ကုန်မြို့ပြပုံရိပ်နှင့် လိုက်ဖက်မှုရှိသော အဆင့်မြင့်အိမ်ရာစီမံကိန်း တို့ကိုဆောင်ရွက်ခြင်းဖြင့် ရထားလမ်းဘေးရှိ ပြည်သူ့အိမ်ရာများ သန့်ရှင်းသာယာလှပပြီး လူနေမှုဘဝများ မြင့်မားလာခြင်း၊စသည့်အကျိုးကျေးဇူးများရရှိလာစေမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် လာမည့်နှစ်အတွင်း အိမ်ရာစီမံကိန်းအသစ် များ ဖော်ဆောင်ရန် အစီအစဉ်မရှိသော် လည်း တည်ဆောက်ခွင့်ရရှိထားသော စီမံ ကိန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“ဘူတာရုံတွေကို အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်တဲ့အခါ အနီးနားမှာရှိတဲ့ ပြည်သူ့အိမ်ရာတွေလည်း အဆင့်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း လုပ်ဆောင် ဖို့ စီစဉ်နေတာပါ။ ဒီအတွက်ကို ဂျပန်နိုင်ငံက နည်းပညာအကူအညီတွေပေးမယ်။ ပြည်သူ့ အိမ်ရာတွေကို အဆင့်မြှင့်တင်ပေးတဲ့နေရာမှာ Transit Oriental Development (TOD) စနစ်နဲ့ဆောင်ရွက်မှာဖြစ်ပါတယ်။ သက်တမ်း ပြည့်နေတဲ့အိမ်ရာတွေကို ပြန်လည်အဆင့် မြှင့်တင်တည်ဆောက်တာတွေ ပြုလုပ်သွား မယ်”ဟု ၎င်းကပြောသည်။

        မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် လက်ရှိတွင် ဦးဝိစာရအိမ်ရာကိုလည်း ပြန်လည်တည်ဆောက်ရန် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ့ မီးရထားဌာနအနေဖြင့်လည်း ရထားလမ်း တစ်လျှောက်ရှိ ကျူးကျော်များ၊ အဆောက် အအုံများအား ဖယ်ရှားရှင်းလင်းခြင်းများ ကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းရထားဘူတာရုံများအနီးရှိ ပြည်သူ့ အိမ်ရာများ အဆင့်မြှင့်တင်ရာတွင် ဖြိုဖျက် ၍ ပြန်လည်တည်ဆောက်ခြင်းမျိုးမဟုတ်ဘဲ ပြန်လည်အဆင့်မြှင့်တင်ခြင်း၊ ပြုပြင်မွမ်းမံ ခြင်းများကိုသာ ပြုလုပ်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရန်ကုန်ဘူတာကြီးအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရေးအတွက် လိုအပ်သောလုပ်ငန်းစဉ်များ ကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန် မြို့ပတ်လမ်းရှိ ရထားဘူတာရုံများကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Source:Myawaddy

Public Housing Read 58 times