ဘဏ်အပ်ငွေများကို ပြန်ထုတ်၍ အိမ်၊ ခြံ၊ မြေ၌ ရင်းနှီးမြှုပ်နှံသူ များလာ


12 October, 2021

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျဆင်းလာခြင်းနှင့် ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှု လျော့ကျလာသဖြင့် ဘဏ်၌ အပ်နှံထားသော စုဆောင်းငွေများကို ပြန်ထုတ်ကာ အိမ်၊ ခြံ၊ မြေတွင် ရင်းနှီးမြှုပ်နှံမှု များလာနေကြောင်း အိမ်၊ ခြံ၊ မြေ လုပ်ငန်း လုပ်ကိုင်သူများက ဧရာဝတီသို့ ပြောသည်။

နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့သော ဖေဖော်ဝါရီလ နောက်ပိုင်း အိမ်၊ ခြံ မြေ ဈေးကွက်သည် အရောင်းအဝယ် ရပ် တန့်သွားခဲ့သော်လည်း ဘဏ်များတွင် ငွေသားထုတ်ယူနိုင်မှု အခက်အခဲနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာပြီး အမေရိ ကန်ဒေါ်လာ လဲလှယ်နှုန်းမြင့်တက်လာသော မေလပိုင်းမှ စတင်ပြီး ယခုအချိန်အထိ အိမ်၊ ခြံ၊ မြေဈေးကွက် အရောင်း အဝယ် တက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ လုပ်ငန်းရှင်တဦးက “ဘဏ်တွေမှာ ငွေထုတ်ရတာ အခက်အခဲ ဖြစ်လာပြီး ဘဏ်တွေကို ယုံကြည်မှု နည်းလာတဲ့ အချိန်မှာ ကိုယ့်ငွေတွေကို ဘဏ်ထဲမှာ ထားတာထက် အပြင်မှာ ရင်းနှီးမြှုပ်နှံထားတာ ပိုပြီးတော့ သေချာတယ်။ စိတ်နှလုံး အေးချမ်းမယ်ဆိုတော့ အိမ်၊ ခြံ၊ မြေကို အဝယ်လိုက်တယ်။ ပြီးခဲ့တဲ့ ဒေါ်လာဈေး ၂၀၀၀ ကျော်လောက် ဖြစ်တဲ့အချိန်ကတော့ အိမ်ခြံမြေက ဈေးကွက်မှာ အဟော့ဆုံးပေါ့” ဟု ပြောသည်။

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်နှင့် တောင်ဥက္ကလာ မြို့နယ်ရှိ ပေ ၄၀-၆၀ မြေကွက်များသည် ရောင်းအား အကောင်းဆုံးနှင့် အဝယ်လိုက်ဆုံးဖြစ်ပြီး ကျပ်သိန်း ၅၀၀၀ ဝန်းကျင်နှင့် ကျပ် သိန်း ၁၀၀၀၀ အောက် မြေကွက်များ အရောင်းအဝယ် ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ယခုလပိုင်းများတွင် အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို အဝယ်လိုက်လာ၍ များသောအားဖြင့် လုံးချင်းနှင့် မြေကွက်ဈေးနှုန်းများ သည် မြို့နယ်အပေါ် မူတည်ပြီး ယခင်က ဈေးနှုန်းထက် ၃၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းအထိ ဈေးလိုက်မြင့်တက်လာနေ ကြောင်း အိမ်၊ ခြံ၊ မြေ လုပ်ငန်းသူများထံက သိရသည်။

အထက်ပါ လုပ်ငန်းရှင်က “ကျပ်ငွေ တန်ဖိုး ကျဆင်းတဲ့အားက အရမ်းကို ကြီးမားတော့။ တန်ဖိုးကျတဲ့နှုန်းက အရမ်းများ တော့ ကိုယ့်ရောင်းမယ့်၊ အိမ်တွေ တိုက်ခန်းတွေက မာသွားတာပေါ့။ လက်ရှိ ဈေးနဲ့ ရောင်းဘယ်လောက်လောက် လျော့ သွားမလဲပေါ့။ အဲဒီအတွက် ဈေးတွေကို လိုက်မြှင့်ပြီးတော့ ရောင်းကြတာ” ဟု ပြောသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များ၊ စမ်းချောင်းမြို့နယ်နှင့် မင်္ဂလာတောင်ညွန့် (ကန်တော်လေး) မြို့နယ်များရှိ တိုက်ခန်းများ သည်လည်း အဝယ်လိုက်လာသလို ဈေးနှုန်းသည်လည်း ပုံမှန်ထက် ကျပ်သိန်း ၂၀၀ မှ သိန်း ၃၀၀ အထိ ဈေးနှုန်းများ မြင့် တက်လာကြောင်း သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက “ဘဏ်က ထုတ်လာပြီးတဲ့ ငွေကိုလည်း မကိုင်ထားရဲတဲ့ အခါကျတော့ အမာတွေ လိုက်ဝယ်တာပေါ့။ ဒီအမာတွေ ဈေးကွက်တခုကတော့ ပြန်လည်လာတဲ့ သဘောဖြစ်သွားပြီး Over Demand ဖြစ်လာ တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ခန်း၊ မီနီကွန်ဒိုနှင့် ကွန်ဒိုများသည် ယခင်ကထက် ဈေးနှုန်း မြင့်တက်လာခြင်းနှင့် လက်ရှိ ဈေးကွက် ဝယ်လိုအား အခြေအနေအရ မြေကွက်နှင့် လုံးချင်းအိမ်များကိုသာ စိတ်ဝင်စားမှုမြင့်တက်နေခြင်းကြောင့် ကျပ်သိန်း ၅၀၀ နှင့် ၅၀၀ အောက် တိုက်ခန်းများသာ အရောင်းအဝယ် ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

လက်ရှိ အချိန်တွင် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေခြင်းနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း မြင့်တက်နေဆဲ အခြေ အနေဖြစ်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးကွက်သည် ဆက်လက်ကောင်းနေမည့်အနေရှိပြီး ထိုအရာများ ပြန်လည် တည်ငြိမ်ခြင်းနှင့် နိုင်ငံရေး အပြောင်းအလဲများ ပြန်ဖြစ်ပါကလည်း ဈေးကွက် အခြေအနေသည် ပြန်ပြောင်းသွားနိုင်ကြောင်း လုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။

burma.irrawaddy.com

Local Read 6526 times