အိမ်ခြံမြေအခွန်နှုန်းထား ပြင်ဆင်လျှော့ချရန်ထုတ်ပြန်ထား


23 November, 2020

 

နိုင်ငံတော်အစိုးရမှ ပြည်သူများ အဆင်ပြေစေရန်အတွက် အိမ်ခြံမြေ ဝင်ငွေအပေါ် ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းမှ ၃ဝရာခိုင်နှုန်း အထိပယ်ဖျက်လိုက်ပြီး ဝင်ငွေ နှင့် ပိုင်ဆိုင်မှုများအတွက်

အခွန်နှုန်းထား ပြင်ဆင်လျှော့ချရန်ထုတ်ပြန်ထားသောကြောင့် အိမ်ခြံမြေ လုပ်ငန်းများ ပိုမိုလည်ပတ်လာနိုင်တော့မည်ဖြစ်ကြောင်းဝါရင့် အိမ်ခြံမြေ လုပ်ငန်းရှင်များထံမှ သိရသည်။

ယခင်က အိမ်ခြံမြေ ဝယ်ခွန်စနစ်တွင် ငွေကျပ် ၁ဝဝဝအထက်လျှင် ပြည်တွင်းအခွန် ၃ဝရာခိုင်နှုန်း နှင့် တံဆိပ်ခေါင်းအခွန် လေးရာခိုင်နှုန်း ပေးဆောင်ရကြောင်း၊အကြောင်းကြောင်းကြောင့်

အိမ်ခြံမြေဈေးကွက်နှင့် အခြားစီးပွားရေးဈေးကွက်တွင် ကျဆင်းခဲ့ရကြောင်း၊ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ခဲ့သော အခွန်စနစ်ပြောင်းလဲခြင်းကြောင့် အိမ်ခြံမြေဈေးကွက်များ

ပိုမိုကောင်းမွန်လာနိုင်ပြီး ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းကြောင့် စီးပွားရေး လုပ်ငန်းရှင်များအတွက် လည်ပတ်မှု ဖြစ်စေနိုင်ကာ အခြေခံ လူတန်းစားများအတွက်ပါ အကျိုးသက်ရောက်မှုများ

ရှိပြီး ၎င်းတို့အတွက် လူနေမှု ဘဝများ ပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသင်း ဒုဥက္ကဋ္ဌမှ ယခုအခွန် လျှော့ချပေးခြင်းသည် အတည်မဖြစ်သေးသော်လည်း ပထမ ၆လတာ ကာလတွင် အခွန်ဆောင်လျှင် သုံးရာခိုင်နှုန်းနှင့်

ဒုတိယ ၆လထဲတွင် အခွန်ငါးရာခိုင်နှုန်း ပေးဆောင်ရန် အတွက် နိုင်ငံတော် အစိုးရမှ ထုတ်ပြန်ထားပြီး လွှတ်တော်တွင်လည်း ဆွေးနွေးအတည်ပြုတော့မည်ဖြစ်သည့်အတွက် ယခုလို အခွန်လျှော့ပေါ့ခြင်းကို ကြိုဆို သည်။

နိုင်ငံတော် စီးပွားရေး ဦးမော့လာနိုင်ရန် တာဝန်ရှိသူ အသီးသီး မှ အမြော်အမြင် ကြီးကြီးနှင့် လုပ်ဆောင်ပေးနေသောကြောင့် အိမ်ခြံမြေ လုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍများတွင်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ယခုလို အခွန်နှုန်းထားလျှော့ချပေးလိုက်ခြင်းသည် စီးပွားရေး လုပ်ငန်းရှင်များအတွက် လုပ်ငန်းလည်ပတ်အဆင်ပြေစေပြီး နိုင်ငံတော် အတွက်လည်း ဝင်ငွေ ခွန်ပိုမို ရရှိစေမည်ဖြစ်သည်။

ယခင်က အိမ်ခြံမြေ ဝယ်ယူသူနည်းပါးပြီး အခွန်ဆောင်ရာတွင်နှုန်းထားမြင့်မားသည့်အတွက်ပြည်သူများအနေနှင့် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အခွန်မဆောင်ဘဲ စောင့်ကြည့်နေသူများ လည်း ရှိနေသည်။

ယခုလို နိုင်ငံတော် အစိုးရအနေနှင့် ဝင်ငွေခွန် ရရှိဖို့ကို အမြော်အမြင် ကြီးစွာနှင့် လျှော့ချပေးသည့်အတွက် အိမ်ခြံမြေ ဝယ်ယူသူများ နှင့် အမည်ပေါက် ပြောင်းလဲချင်သူများ ပိုမို များပြားလာမည်ဖြစ်ပြီး နိုင်ငံတော် အတွက်လည်း အခွန်ဘတ်ဂျက် ဝင်ငွေ ပိုမို ရရှိစေမည်ဖြစ်သည်။

ယခုလို အခွန်လျှော့ချပေးသည့်အတွက် လုပ်ငန်းရှင်များသည် လည်း ကြိုဆိုနေသည်ကို တွေ့မြင်နေရသည်။

လက်ရှိအနေအထားအရ အခွန်နှုန်းထား စနစ်လျှော့ချတော့မည်ဖြစ်သောကြောင့် အိမ်ခြံမြေ အဝယ်သမားများ ပိုမို မြင့်တက်လာခဲ့ကြောင်း၊အခွန်စနစ်အတည်ဖြစ်ပါက

အိမ်ခြံမြေ အဝယ်နှုန်း ပိုမို မြင့်တက်လာနိုင်ကြောင်း၊ယခင်ကာလ တွင် အိမ်ခြံမြေ ဈေးကွက်အတွင်း ပိုမိုရင်းနှီးမြှုပ်နှံမှုများ ရှိခဲ့သောကြောင့် အိမ်ခြံမြေ ဈေးနှုန်းများ လွန်စွာမြင့်မားခဲ့သော်လည်း

ယခုအခါ အိမ်ခြံမြေ ဈေးကွက်တစ်ခုအနေဖြင့် ပုံမှန်လည်ပတ်နိုင်တော့မည်ဖြစ်သောကြောင့် နေရာ အနေအထားပေါ်မူတည်ကာ အထိုက်အလျောက် သာ ဈေးနှုန်း မြင့်တက်လာနိုင်ပြီး

ယခင်ကဲ့သို့ အိမ်ခြံမြေ ဈေးနှုန်းမြင့်မားမှုများ မရှိနိုင်တော့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မြေပိုင်ဆိုင်မှု ဂရန် အမည်ပေါက်ရရှိရေးအတွက် လျှောက်ထားရာတွင် လက်ရှိအနေအထား အရ ကြန့်ကြာမှုများ ရှိနေကြောင်း၊အဆောက်အအုံများ

ဆောက်လုပ်ရာတွင် ဆောက်လုပ်ခွင့် ပါမစ် ရရှိရေးအတွက် အချိန်ကြန့်ကြာမှုများ ရှိနေပြီး အိမ်ခြံမြေ အမည်ပေါက်ရရှိရန်အတွက် နှစ်လခွဲ၊သုံးလ ကြန့်ကြာမှုများ ရှိနေကြောင်းနှင့် အများပြည်သူအတွက်

စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေမှု မှာလည်း ကြန့်ကြာနှောင့်နှေးစေနိုင်မည် ဖြစ်ကြောင်း၊ယခုကဲ့သို့ အများပြည်သူအတွက်လျှော့ပေါ့လိုက်သည့် အခွန်စနစ်မှာ မည်ကဲ့သို့သော ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ကြောင်း၊

အခွန်ပေးဆောင်ရာတွင် အခွန်ဝန်ထမ်းများမှ မြန်ဆန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း နှင့် ဂရန်အမည်ပေါက် ရရှိရေးအတွက် လျှောက်ထားရာတွင် သက်ဆိုင်ရာ ဌာနများမှ မြန်ဆန်သော

ဝန်ဆောင်မှု များပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားသင့်ကြောင်း ထို့အတွက်ကြောင့် အခွန်ပြောင်းစနစ်အား နှစ်နှစ်တာ ကာလပေးပြီး ဒုတိယနှစ်တွင် ခုနှစ်ရာခိုင်နှုန်းနှင့် ၁ဝ ရာခိုင်နှုန်း တိုးမြှင့်

ကောက်ခံမည်ဆိုပါက နိုင်ငံတော် မှလည်း အခွန်ဝင်ငွေ ပိုမို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအဝယ်အနည်းငယ်ပြန်လည်ဖြစ်လာပြီး ယခင်ကဲ့သို့ အိမ်ခြံမြေ ဈေးနှုန်း အဆမတန်မြင့်မားမှုများ မဖြစ်နိုင်တော့ကြောင်း နှင့်

ယခုအခါ အိမ်ခြံမြေ ဝယ်ယူရင်းနှီးမြှုပ်နှံရန် အချိန်ကောင်းဖြစ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များထံမှ သိရသည်။

Real Estate & Properties Read 52 times