ဂျပန်၊ တောင်ကိုရီးယား ချေးငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းတချို့ ပြန်လည်ပတ်


14 January, 2022

ဂျပန်၊ တောင်ကိုရီးယား ချေးငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းတချို့ ပြန်လည်ပတ်

စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းတွင် လုပ်ငန်းများ ယာယီရပ်ဆိုင်းထားခဲ့ ရသော ဂျပန်နှင့် တောင်ကိုရီးယား အစိုးရတို့၏ အတိုးနှုန်း သက်သာသည့် ဖွံ့ဖြိုးရေးချေးငွေ (ODA) များဖြင့် အကောင် အထည်ဖော်နေသော ဖွံ့ဖြိုးရေး စီမံကိန်းတချို့ မှာ ယခုအခါ လုပ်ငန်းများ ပြန်လည်ပတ်နေပြီ ဖြစ်ကြောင်း သိရသည်။

ထိုစီမံကိန်းများထဲတွင် ရန်ကုန်မြို့ ဒလတံတား စီမံကိန်း၊ သန်လျင်တံတား၊ မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းတချို့ ပါဝင်ပြီး ၂၀၂၁ ဇူလိုင်လဝန်းကျင်မှစ၍ လုပ်ငန်းများ အနည်းငယ် ပြန်လည်လုပ်ဆောင်ခဲ့ပြီး ယခု ၂၀၂၂ ဇန်နဝါရီလအတွင်း၌မူ ၈၀ ရာခိုင်နှုန်းခန့် လုပ်ငန်းများ ပြန်လည်ပတ်လျက်ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ စီမံကိန်း များကို လုပ်ကိုင်ခွင့်ရရှိထားသော ကုမ္ပဏီကြီးများထံမှတဆင့်ခံ ကန်ထရိုက် (Sub Contractor) ရရှိထားသော ကုမ္ပဏီ များ၏ ဝန်ထမ်းတချို့က ဧရာဝတီသို့ ပြောသည်။

“အခုက မိုးတွင်းမရောက်ခင်မှာ တချို့ လုပ်ငန်းတွေ တွန်းလုပ်နေရတာရော၊ လုပ်ငန်းစာချုပ်အရ အပ်ရမယ့် အချိန်မကျော် အောင် အကုန် တွန်းလုပ်နေကြရတယ်။ လုပ်ငန်းတွေက ၆ လလောက် နားထားရတာလေ” ဟု ရန်ကုန် မြို့ပတ်ရထားလမ်း ပိုင်း အချက်ပြစနစ်ကို အဆင့်မြှင့်ခြင်း လုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီမှ ဝန်ထမ်းတဦးက ပြောသည်။

အဆိုပါ စီမံကိန်းကို ဂျပန်ကုမ္ပဏီ Nippon Signal က လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့်နှစ် ဇွန်လပိုင်းမှ စတင်ပြီး လုပ်ငန်းများ ပြန်ဆောင်ရွက်လျက်ရှိပြီး ယခုတွင် ပုံမှန်နီးပါး လုပ်ငန်းပြန် လုပ်ကိုင်လျက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ ပဲခူးနှင့် တောင်ငူ မြို့တို့ရှိ ရထားလမ်းပိုင်းအဆင့်မြှင့်ခြင်း လုပ်ငန်းများသည် လည်း ပြီးခဲ့သည့် ၂၀၂၁ နှစ်ကုန်ပိုင်းခန့်မှ စကာ ပြန်လည် လုပ်ကိုင်လျက်ရှိနေကြပြီ ဖြစ်ကြောင်း ဧရာဝတီက စုံစမ်း သိရှိ ရသည်။

ကိုရိးယားနိုင်ငံ အစိုးရမှ စီးပွားရေး ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ( Economic Develop ment Cooperation Fund-EDCF) ၏ ချေးငွေ အမရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်ဖြင့် တည်ဆောက်နေသော ကိုရီးယား-မြန်မာ ချစ်ကြည် ရေး ဒလတံတား စီမံကိန်းသည်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ဝန်းကျင်မှစတင်ကာ လုပ်ငန်းများပြန်လည် လုပ်နေပြီဖြစ်ကြောင်း ထိုစီမံကိန်းကို မြင်တွေ့ရှိရသည့် ရန်ကုန်မြို့နေ ပြည်သူတဦးက ဧရာဝတီသို့ ပြောသည်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ချေးငွေဖြင့် တည်ဆောက်နေသော သန်လျင် တံတား စီမံကိန်းသည်လည်း လတ်တလောတွင် ပြန်လည်စတင်ခြင်း မရှိသေးသော်လည်း မကြာမီတွင် လုပ်ငန်း ပြန် စတင်ရန်အတွက် အင်ဂျင်နီယာနှင့် အလုပ်သမားများကို အလုပ်ပြန် ခေါ်ယူနေပြီဖြစ်ကြောင်း အလုပ်လျှောက်ထားသည့် အင်ဂျင်နီယာတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “မြေပြင်ဆင်းပြီး မလုပ်ရတဲ့ ဒီဇိုင်းပိုင်းတွေက ပြန်စနေတာကြာပြီ။ အခုကတော့ မြေပြင် လုပ်ငန်းတွေ ပြန်စကြ တော့ဖို့ ပြင်နေတယ်။ အင်ဂျင်နီယာတွေကို အလုပ် ပြန်ခေါ်နေတာ ဘယ်တော့စမလဲ ဆိုတာတော့ သေချာမသိရပေမယ့် သိပ် မကြာတော့ဘူး ထင်တယ်” ဟု ဆိုသည်။

သို့သော်လည်း JICA ၏ ချေးငွေများဖြင့် အကောင်အထည်ဖော်မည့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ဆည်မြောင်းနှင့် ကား လမ်းပိုင်း အဆင့်မြှင်တင်ခြင်းစီမံကိန်းမှမူ ၂၀၂၁ ခုနှစ် မေလပိုင်းတွင် လုပ်ငန်းများ ပြန်စတင်ခဲ့သော်လည်း ယခု နောက် ပိုင်း တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် လုပ်ငန်းများ ပြန်လည် ရပ်နားထားရသည့် အခြေအနေရှိကြောင်း သိရသည်။

ယခု သတင်းနှင့် ပတ်သက်ပြီး ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ထံသို့ ဧရာဝတီက အီးမေးလ်ဖြင့် သတင်း မေးမြန်းထားလျက်ရှိပြီး လတ်တလောတွင် ပြန်လည်ဖြေကြားပေးခြင်း မရှိသေးပေ။

ယခုပြန်လည် စတင်နေသော ဂျပန်နှင့် တောင်ကိုရီးယား အစိုးရတို့၏ ဖွံ့ဖြိုးရေးစီမံကိန်းများသည် ယခင် အရပ်သား အစိုးရ လက်ထက်တွင် သဘောတူညီမှု ရရှိထားပြီး အကောင်အထည်ဖော်နေဆဲ စီမံကိန်းများကိုသာ ဆက်လက် အကောင် အထည်ဖော်နေခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဖွံ့ဖြိုးရေး စီမံကိန်းအသစ်များကိုမူ ထိုနိုင်ငံများက ရပ်ဆိုင်းထား လျက်ရှိသည်။

 

burma.irrawaddy.com/

 

Infrastructure and Zones Read 764 times