သီလဝါအထူးစီးပွားရေးဇုန်အတွင်း Shopping Mall တည်ဆောက်ရန် စီစဉ်နေ


01 August, 2019

Myanmar Thilawa SEZ Holdings Public Co.,Ltd. (MTSH) အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန်အတွင်း Shopping Mall ကို ယခုနှစ် ပွင့်လင်းရာသီတွင် အကောင်အထည်ဖော် တည်ဆောက်ရန် စီစဉ်နေကြောင်း Myanmar Japan Thilawa Development မှ Vice President ဦးသူရိန်အောင်၏ ပြောဆိုချက်အရ သိရသည်။

 ''Shopping Mall နဲ့ ပတ်သက်ပြီး တုံ့ပြန်မှု ဘယ်လောက်ရှိလဲ၊ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရှိလဲဆိုတာ Final တင်ပြဖို့ ကျန်ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှု ပမာဏဘယ်လောက်ဆိုတာ မသိသေးပါဘူး။ နှစ်ထပ်ဆောက်မလား၊ သုံးထပ်ဆောက်မလား၊ အကျယ်ဘယ်လောက်ဆောက်မလဲ၊ ဈေးကွက်ကဘယ်လောက်ရှိလဲ အားလုံးကို ခြုံငုံပြီးသုံးသပ်နေပါတယ်'' ဟု ဦးသူရိန်အောင်က ပြောသည်။

 ယခုကဲ့သို့ အတည်ပြုချက်များရယူပြီးမှ စီမံကိန်းကို လုပ်ဆောင်မည်ဖြစ်ကာ လျာထားချက် အနေဖြင့် ယင်းစီမံကိန်းကို ယခုနှစ်ပွင့်လင်းရာသီတွင် စတင်နိုင်ရန် လျာထားသည်။

 အဆိုပါ Shopping Mall အတွက် ရင်းနှီးမြှုပ်နှံလိုသူများကို ခေါ်ယူမည်မဟုတ်ဘဲ စီမံကိန်းတည်ဆောက်ပြီးပါက နိုင်ငံတကာမှဖြစ်စေ၊ ပြည်တွင်းမှဖြစ်စေ ငှားရမ်းလိုသူများရှိပါက ဖိတ်ခေါ်ပြီး ငှားရမ်းပေးမည် ဖြစ်သည်။

 တည်ဆောက်မှုများကို ဇုန် A အနီးရှိ အကျယ် ၃၅ ဟက်တာ၌ တည်ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် Shopping Mallအတွက် ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများကို ပြင်ဆင်နေပြီး ယခုနှစ်အတွင်း စတင်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Local Factory and Industrial Plant Read 51 times