EOI ခေါ်ယူသွားမည့် ရန်ကုန်မြို့သစ်စံမံကိန်း၏ အဆင့် ၁ ကဏ္ဍများ


02 January, 2019

ရန်ကုန်မြို့သစ်စီမံကိန်း စတင်ရန် အတွက် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လိုမှု အဆိုပြုလွှာ (Expression of Interest – EOI) ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့သစ် ဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ (NYDC) က ထုတ်ပြန်ထားသည်။

 

        ယင်းသို့ EOI ခေါ်ယူရာတွင် စိတ်ပါဝင်စားသည့် ပြည်တွင်း ပြည်ပ ကုမ္ပဏီများ အနေနှင့် ယခုအချိန်မှ စ၍ ဖေဖော်ဝါရီလ ၂၈ ရက် နောက်ဆုံးထားပြီး NYDC ရုံးသို့ လူကိုယ်တိုင် ဖြစ်စေ၊ email ဖြင့် ဖြစ်စေ ပေးပို့ရမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက် ထုတ်ပြန်ချက်၌ ပါရှိသည်။

 

        EOI ခေါ်ယူသွားမည့် ရန်ကုန်မြို့သစ်စံမံကိန်း၏ အဆင့် ၁ ကဏ္ဍများမှာ အဓိက ရေဖြန့်ဝေရေး ပိုက်လိုင်းများနှင့် လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေး ကွန်ရက်၊ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး စနစ်၊ နည်းပညာပိုင်း ဆိုင်ရာ၊ ရေဆိုးသန့်စင်ရေး ၊ သဘာဝ ဓာတ်ငွေ့ ဖြန့်ချိ ပို့ဆောင်ခြင်း လုပ်ငန်းများနှင့် ကွန်ဗန်းရှင်း စင်တာ စသည့် အခြေခံ အဆောက်အအုံ တည် ဆောက်ရေး လုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

 

        ယင်း ရန်ကုန်မြို့သစ် စီမံကိန်း၏ တင်ဒါ ပထမအဆင့်တွင် NYDC က တင်ဒါ ယှဉ်ပြိုင်ရာတွင် အသုံးပြုမည့် စီမံကိန်း အဆို ပြုလွှာ (Pre-Project Document-PPD) ကို ပြင်ဆင်ရန် လိုအပ်သော စီမံကိန်း အကြို လုပ်ငန်းများနှင့် လေ့လာဆန်းစစ် ချက်များကို ကုန်ကျစရိတ်ခံပြီး ပြုလုပ်နိုင်မည့် ကုမ္ပဏီကို ပဏာမ ရွေးချယ်သွားမည် ဖြစ်ကြောင်း NYDC ၏ အမှုဆောင် အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။

 

        “ NYDC Challenge မှာ ရွေးချယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ထုတ်ပြန်ခြင်း၊ တန်ပြန် တင်ဒါပြုခြင်း အစရှိတဲ့ အဆင့် ၄ ဆင့် ပါဝင် ပါ တယ်။ EOI တင်သွင်းမယ့် ကုမ္ပဏီများ အနေနဲ့ လုပ်ကိုင်ခဲ့ဖူးတဲ့ စီမံကိန်းတွေရဲ့ နည်းပညာနဲ့ ဘဏ္ဍာရေး အချက် အလက် တွေ အပါအဝင် ကုမ္ပဏီ နောက်ခံ အကြောင်းအရာကိုလည်း ပူးတွဲပြီး တင်ပြရန်လိုပါတယ်။ NYDC အနေနဲ့ တင်သွင်းလာတဲ့ အဆိုပြုလွှာတွေကို စိစစ်ရွေးချယ်ပြီး အရည်အချင်း ပြည့်မီတဲ့ ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါ တယ်”ဟု ၎င်းက ရှင်းပြထားသည်။

 

        လက်ရှိတွင် Master Plan ရေးဆွဲခြင်းကို AECOM စင်ကာပူ ကုမ္ပဏီနှင့် လုပ်ကိုင်လျက်ရှိပြီး အခြား သက်ဆိုင်ရာ ကဏ္ဍ အလိုက် အကြံပေးများနှင့် လုပ်ဆောင်လျက် ရှိကြောင်း ဦးသိမ်းဝေက ပြောကြားထားသည်။

 

        ရန်ကုန်မြို့သစ် စီမံကိန်းကို မြေဧက ၂ သောင်းကျော်တွင် ပထမ အဆင့် စတင် အကောင်အထည် ဖော်မည် ဖြစ်ပြီး စီမံကိန်းမှာ စင်ကာပူ နိုင်ငံ အရွယ်အစားထက် ၂ ဆ ကျယ်ဝန်းမည် ဖြစ်သည့် အပြင် အလုပ်အကိုင်သစ် ၂ သန်းကိုလည်း ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ပြောဆိုထားသည်။

 

        စီမံကိန်း တခုလုံး၏ ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမည်ဟု တိုင်းအစိုးရက ခန့်မှန်းထားသည်။

 

        အဆိုပါကုန်ကျစရိတ်များကိုNYDC  နှင့် CCCCတို့မှ တင်ဒါမဖိတ်ခေါ်မီကပင် ကြိုတင်ညှိနှိုင်း သဘောတူညီမှုရယူထားပြီး ထိုကုန်ကျစရိတ်များကို PPD  တွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပါသည်။


        လက်ရှိ အချိန်ထိ ထိုစီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းလွှတ်တော်တွင် ဝေဖန်မှုများလည်း ရှိနေသည်။

 

        ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်ရန် အတွက် NYDC ကို ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်က စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အိမ်ခြံမြေ လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အိမ်ရာ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အစ ရှိသော စီးပွားရေး လုပ်ငန်းများကို ဦးဆောင်နေသည့် မစ္စတာ ဆပ်ချ်ပန်း (ခေါ်) ဦးသိမ်းဝေကို စီမံကိန်း ဖော်ဆောင်ရန် တိုင်းအစိုးရက တာဝန်ပေးထားခြင်း ဖြစ်သည်။

Mixed Use and Urban Read 74 times