People’s Park Food Centre အကြီစား မွမ်းမံမှု ပြီးမြောက်


02 July, 2023

People’s Park Food Centre အကြီစား မွမ်းမံမှု ပြီးမြောက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဇူလိုင်လ ၁ ရက်နေ့က စင်ကာပူ တရုတ်တန်းရှိ အသစ်ပြန်ဖွင့်သည့် People's Park Food Center တွင် နေ့လည်စာ စားနေကြသူများကို တွေ့ရပုံ
 ST PHOTO: LIM YAOHUI


စင်ကာပူမှ People's Park Food Center သည် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ၌ ပြီးစီးရန် လျာထားသည့်ရက်ထက် ကျော်လွန်ခဲ့သည်။ People’s Park Food Centre ကို အဆင့်မြှင့်တင်ရန် အကြီးစား မွမ်းမံရန် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ဇွန်လကုန်အထိ ၃ လ တိုင်တိုင် ပိတ်ထားခဲ့သည်။ စနေနေ့ ဇူလိုင်လ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ 

 ဆိုင်ပိုင်ရှင်များနှင့် ပြန်လည်လာရောက် စားသောက်ကြသူများက ပြုပြင်မွမ်းမံထားသည်များအပေါ် ကျေနပ်အားရ ဖြစ်မိကြောင်း ပြောကြားကြသည်။
 
ယခင်က ညစ်ပတ်စုတ်ပြတ်သည့် နေရာတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည့် ပုံရိပ်သည် ယခုအခါ သန့်သန့်ရှင်းရှင်း သစ်သစ်လွင်လွင် ဖြစ်သွားပြီ ဖြစ်သည်။


Block 32 New Market Road ရှိ လူအလာများသော အစားအသောက်စင်တာ People's Park Food Center သည် ယခုအခါတွင် လေဟာပြင် စားပွဲများနှင့် လှပတင့်တယ်နေသည်။ 
ကျေးငှက်များကြောင့် စိတ်အနှောက်အယှက် ဖြစ်ရကြောင်း ပြောဆိုခံခဲ့ရသည့် အစားအသောက်စင်တာ အပေါ်ဖက်တွင် ငှက်တား ပိုက်ကွန် ထားရှိပေးထားသည်။ ပိုက်လိုင်းများပေါ် ငှက်များ လာမနားနိုင်အောင် ဆူးချွန်များ တပ်ဆင်ပေးထားသည်။ ထို့ပြင် ကြွက်များ ပိုက်လိုင်းမှတဆင့် ရောက်မလာနိုင်အောင်လည်း တားဆီးပေးထားသည်။

People's Park Food Center မှ ဆိုင်ပိုင်ရှင်များက ယခင်က ငှက်များ အညစ်အကြေး စွန့်ကြခြင်းကြောင့် စားသုံးသူများ အေးချမ်းစွာ စားသောက်ခြင်း မပြုနိုင်ဘဲ စိတ်အနှောက်အယှက် ဖြစ်ကြရသည်ဟု ပြောကြားကြသည်။
ထို့အပြင် စားကြွင်းစားကျန်များကို ငှက်များ အုပ်လိုက် လာစားကြသည်။ နေရာတကာမှာ မစင်စွန့်ကြသည်။ အစားအသောက်စင်တာကို မြင်မကောင်းအောင် ဖြစ်နေစေခဲ့သည်။  ထိုပြဿနာများ ယခု မရှိနိုင်တော့ချေ။

 

ပိုက်လိုင်းများပေါ် ငှက်များ လာမနားနိုင်အောင် ဆူးချွန်များ တပ်ဆင်ပေးထားသည်။
 ST PHOTO: LIM YAOHUI


Nasi Lemak မလေးရှား အစားအစာ ထမင်းဆိုင်မှ ဆိုင်အကူ အသက် ၆၀ နှစ်ရှိသူ Seow Poh Kiaw က “ငှက်တွေလာလာစားတဲ့အတွက် စားပွဲတွေပေါ်မှာ အစားအစာတွေ ဒီအတိုင်း မထားပစ်ခဲ့ဖို့ ဒီမှာ လာစားတဲ့သူတွေကို သတိပေးခဲ့ဖူးတယ်။  အခုတော့ လာစားတဲ့သူတွေက ဒါကို စိတ်ပူစရာ မလိုတော့ဘူး”ဟု ပြောကြားသည်။

လေဟာပြင် စားပွဲထိုင်ခုံများ အပေါ်ဖက် ငှက်တားငှက်ကွန် ထားရှိခြင်း၊ မျက်နှာကြက်များတွင် ငှက်မနား ဆူးများ ထားရှိခြင်းတို့အပြင် ဆိုင်များတွင် သတ္တုအပြားဖြင့် မျက်နှာကြက်အထိ အလုံကာပေးထားသဖြင့် ဆိုင်အတွင်းသို့ မျက်နှာကြက်အနီးရှိ ပိုက်လုံးများမှတဆင့် ကြွက်များ မ‌လာရောက်နိုင်တော့ချေ။
 
 

ပိုက်လုံးများမှတဆင့် ကြွက်များ မ‌လာရောက်နိုင်အောင် သတ္တုပြားဖြင့် အလုံကာပေးထားပုံ
 ST PHOTO: LIM YAOHUI


ကြမ်းပြင်ကိုလည်း ခြေမချော်အောင် စီမံပေးထားသည်။
သန့်စင်ခန်းတွင်လည်း အလိုအလျောက် အဖွင့်အပိတ်စနစ်ပါသော ဘုံဘိုင်တပ်ဆင်ပေးထားသည်။ 

Ms Seow သည် မနက် ၅ နာရီ ဆိုင်သို့ ရောက်လာသည်အခါ ကြွက်များ သောင်းကျန်းနေသည်ကို မြင်ရနေကျ ဖြစ်ခဲ့သည်။ ယခု ကြွက်များ မလာနိုင်ကြတော့ချေ။
ယခင်က ကြမ်းခင်းများ မညီညာ၊ ချိုင့်များလည်း ရှိနေသည်။ စွတ်စိုနေသည့်အခါ ခြေချော်သည်။ ယခုအခါ ၎င်းပြဿနာများ ကြမ်းခင်းအသစ်တွင်  မရှိတော့ပါဟု Ms Seow က ပြောကြားသည်။

 

လေဟာပြင် ထိုင်စားရန် နေရာများ


 အသက် ၅၀ နှစ်အရွယ် Guang Tong Mi သည် တရုတ်အစားအစာရောင်းသည့်ဆိုင် Chuan Wei Yuan တွင် ဆိုင်အကူအဖြစ် လုပ်ကိုင်ပေးနေသူ ဖြစ်သည်။ 
ငှက်တားပိုက်ကွန်အသစ်သည် အစားအသောက်စင်တာသို့ လူအများ လာရောက်စားသောက်ကြအောင် ပိုမိုဆွဲဆောင်နိုင်မည်ဟု သူက ယူဆပါသည်။
ကြမ်းပြင်ကို ရေစိုကြမ်းတိုက်သုတ်ဖတ်တံရှည်ဖြင့် တိုက်ပြီးခါစ စွတ်စိုနေချိန် ခြေချော်ပြီး လဲကျမည်ကို စိုးရိမ်ဖို့ မလိုတော့ကြောင်း သူက ပြောကြားသည်။

 
အိမ်ရှင်မ Helen Wee က အသက် ၅၇ နှစ် ရှိပြီဖြစ်ပြီး အစားအသောက်စင်တာက ပိုမိုတောက်ပ‌နေပြီး စိတ်ကြည်ကြည်လင်လင်ဖြင့် စားသောက်ရသည်ဟု ပြောကြားသည်။ 


မှီခိုသူ အသက် ၅၂ နှစ်အရွယ် Sheryl Teo က သူမ မြင်မြင်ချင်း သဘောကျမိကြောင်း ပြောကြားသည်။ ယခင်ကြမ်းခင်းဟောင်းသည် ဆီစွတ်စိုနေပြီး ချော်လဲမည့်အန္တရာယ် ရှိကြောင်း ပြောကြားသည်။

အစားအသောက်စင်တာ သန့်ရှင်းသာယာနေစေရန် သင့်လျော်သော ပြုပြင်ထိန်းသိမ်းမှုများ လိုအပ်သည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။

Lian Ji Drinks  ဆိုင်မှ ဆိုင်အကူ အသက် ၄၉ နှစ်အရွယ် Mr Ivan Voon က ငှက်များသည် အစားအသောက် စင်တာထဲသို့ အခြားဝင်ပေါက်များမှ ဝင်မလာဖို့ လိုကြောင်း ပြောကြားသည်။

 


ယခုအခါ People's Park Food Center သည် လေဟာပြင် ထိုင်စားရန် နေရာများ၏ အပေါ်ဘက်တွင် ငှက်တားပိုက်ကွန်များ တပ်ဆင်ထားသည်။
ST PHOTO: LIM YAOHUI

“အစားအသောက်စင်တာရဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းတာက စားသုံးသူတွေရဲ့ အလေ့အထပေါ်မှာလည်း မူတည်ပါတယ်”ဟု Mr Voon က ပြောကြားသည်။
စားပွဲအရောင်မှာ ယခင်က အပြာရင့်ရောင် ဖြစ်ပြီး ယခု အညိုဖျော့အရောင် သုံးထားသည်။ စားပွဲပေါ် ပေကျံစွန်းထင်းကျန်ရစ်သည့်အခါ အပြာရင့်ရောင်က မသိသာဟု ၎င်းက ပြောသည်။

အစားအသောက်ဆိုင်များ၊ ကော်ဖီဆိုင်များတွင် လာရောက်စားသောက်သူများသည် စားသောက်ပြီးသည့်အခါ ပန်းကန်ခွက်ယောက်များကို လင်ဗန်းပေါ် တင်ပြီး သတ်မှတ်ထားသော နေရာမှာ သွားထားရန် စည်းကမ်း ပြဋ္ဌာန်းထားသည်။ 
ထိုစည်းကမ်းသည် အစားအသောက်စင်တာ သန့်ရှင်းရေးကို အထောက်အကူ ဖြစ်စေမည်ဟု Ms Seow ကဲ့သို့ အချို့သော ဈေးသည်များက ယူဆကြသည်။

အဆိုပါ စည်းကမ်းချက်အား ဇွန်လ ၁ ရက်နေ့တွင် ပိုမိုတင်းကျပ်ခဲ့ပြီး မလိုက်နာသူသည် ဒဏ်ငွေနှင့် အရေးယူမှုများ ရင်ဆိုင်ရမည်ဖြစ်သည်။

Source straitstimes

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Hospitality How To Read 303 times