စန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၂.၆ သန်းတန် အိမ်ကို ဒေါ်လာ ၄ သိန်းဖြင့် အလုံးလိုက်ရွှေ့


30 December, 2021

စန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၂.၆ သန်းတန် အိမ်ကို ဒေါ်လာ ၄ သိန်းဖြင့် အလုံးလိုက်ရွှေ့

အမေရိကန်နိုင်ငံ စန်ဖရန်စစ္စကိုမြို့တွင် အမျိုးသားတစ်ဦးက အိမ်တစ်လုံးကို အလုံးလိုက် နေရာရွေ့ခဲ့ပါတယ်။ မူလနေရာမှ ၇ ဘလောက်ဝေးကွာတဲ့နေရာကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 
သက်တမ်း ၁၃၉ နှစ်ရှိပြီဖြစ်ပြီး Englander House လို့ အမည်တွင်တဲ့ ၂ ထပ်တိုက်ဟာ ဝိတိုရီယခေတ် ဗိသုကာလက်ရာ ဖြစ်ပါတယ်။


အိမ်ကို ရွှေ့တဲ့ အိမ်ပိုင်ရှင်အမည်က Tim Brown ဖြစ်ပြီး သူအိမ်ခြံမြေ ပွဲစားတစ်ဦး ဖြစ်ပါတယ်။
သူက သမိုင်းဝင်အိမ် ဆောက်ထားတဲ့ မြေကွက်မှာ အခန်းပေါင်း ၄၈ ခန်းပါတဲ့ တိုက်ခန်းဆောက်ချင်တယ်။ သမိုင်းဝင် အိမ်ကြီးကို ဖြိုဖျက်ပစ်ရမှာ နှမြောတယ်။ အဆုံးရှုံး မခံနိုင်ဘူး။ ဒီတော့ အိမ်ကြီးကို တခြားမြေကွက်လပ်သို့ ရွှေ့ပြောင်းပြီး ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


The San Francisco Chronicle မှာ ဖော်ပြထားတဲ့သတင်းမှာ Brown က Englander House ကို ၂၀၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂.၆ သန်းဖြင့် ဝယ်ယူထားတယ်လို့ ဖော်ပြထားပါတယ်။
အခုလို နေရာရွှေ့ပြောင်းတာအတွက် အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ ကုန်ကျပါတယ်။ 
အိမ်ကြီးကို ထားရှိမယ့် နေရာသစ် မြေကွက်မှာ လုံးချင်းအိမ် ၇ လုံး ဆောက်လုပ်မှာ ဖြစ်ပါတယ်။

အိမ်ကြီးကို ၁၈၈၂ ခုနှစ် ဝိတိုရိယခေတ်မှာ တည်ဆောက်ခဲ့ပါတယ်။ ကြမ်းခင်းဧရိယာ ၅,၁၇၀ စတုရန်းပေ ရှိပါတယ်။
အိမ်ကြီးကို  ပျမ်းမျှ တစ်နာရီ တစ်မိုင်နှုန်းဖြင့် ၀.၀၆ မိုင် ဝေးတဲ့နေရာကို သယ်ဆောင်ခဲ့ပါတယ်။

အထူးအဆန်းဖြစ်တာကြောင့် လူ ၆၀၀ ဝန်းကျင် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
အိမ်ကြီးကို မနက် ၆ နာရီ ၁၅ မိနစ်မှာ စရွှေ့ခဲ့ပါတယ်။ လမ်းတစ်လျှောက် မလွတ်ကင်းတဲ့ ဓာတ်တိုင်တွေ ဓာတ်ကြိုးတွေ လမ်းဘေးမီးတိုင်တွေ အကုန်လုံး ကြိုတင်ဖယ်ရှား ထားပါတယ်။ ပတ်သက်တဲ့ ဌာနဆိုင်ရာများထံမှ ခွင့်ပြုမိန့် ၁၅ မျိုး ရယူခဲ့ရပါတယ်။

 

 

 

 

 

 

]

Global Read 765 times