ပုသိမ်တွင် နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းတစ်ခုကို ယခုလအတွင်းတည်ဆောက်မည်


16 November, 2019

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်ခုကို ယခုလအတွင်းစတင်တည်ဆောက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါစီမံကိန်းကို ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက ပုသိမ်-ငပုတော ကားလမ်းပေါ်ရှိ မာစတာပလန်ဧက ၆၇ဝဝအကျယ်ဝန်းရှိ ပုသိမ်စက်မှုမြို့တော် စီမံကိန်းအတွင်း ဖော်ဆောင်မည်ဖြစ်သည်။

ပုသိမ်စက်မှုမြို့တော်(Pathein Industry City)၏Master Planအကျယ်အဝန်းမှာ ၆၇ဝဝဧကရှိမည်ဖြစ်ပြီး အထည်ချုပ်စက်ရုံများနှင့် အခြားစက်ရုံများပါဝင်မည့် စက်မှုဇုန်၊အဆင့်မြင့် လူနေအိမ်ရာစီမံကိန်းများ စသည်တို့ပါဝင်မည်ဖြစ်ခြင်းကြောင့် အဓိက အစိတ်အပိုင်းဖြစ်သောဆိပ်ကမ်းစီမံကိန်းကို သွင်းကုန်ထုတ်ကုန် လုပ်သန်းများအတွက် ထိရောက်မြန်ဆန်သေရန်ထည့်သွင်းတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

“ပုသိမ်နဲ့ရန်ကုန် အကွာအဝေးက ကီလိုမီတာ ၁ဝဝရှိပါတယ်။ပုသိမ်စက်မှုမြို့တော် တည်ရှိတဲ့နေရာကတော့ ပုသိမ်မြို့တွင်းကနေ ၅မိနစ်လောက်ကားမောင်းလိုက်တာနဲ့ ရောက်ပါတယ်။ကျွန်တော်တို့ အခုတည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကနေ နိုင်ငံတကာကို ကုန်ပစ္စည်းပို့ဆောင်တဲ့ အခါ ရန်ကုန်က ကုန်ပစ္စည်းတွေကိုလည်း ဈေးသက်သက်သာသာနဲ့ ပို့ဆောင်နိုင်အောင်ရည်ရွယ်ပြီး အကောင်အ ထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရန်ကုန်ဆိပ်ကမ်းက ပိုလျှံလာတဲ့ ကုန်စည်တွေကိုလည်း ကျွန်တော်တို့ ဆိပ်ကမ်းကိုအသုံးပြုပြီးတော့ တင်ပို့၊တင်သွင်းနိုင်ပါတယ်”ဟု ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဆိပ်ကမ်းတွင် တန်ချိန် ၁၅ဝဝဝမှ ၂ဝဝဝဝအထိရှိသည့် ရေယာဉ်ကြီးများ လေးစင်းအထိဆိုက်ကပ်နိုင်မည့် ဆိပ်ခံတံတားကိုလည်းထည့်သွင်း ဆောက်လုပ်သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်းနှင့် စက်မှုကိုဇုန်တို့ကို တိုက်ရိုက်ဆက်သွယ်နိုင်မည်ကို လိုလားခြင်းကြောင့် ပို့ဆောင်ရေးစရိတ်ထပ်မံ မကုန်ကျစေရန် စက်မှုဇုန်နှင့် ဆိပ်ကမ်းတို့ကို တစ်ဆက်တည်း အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများအနက်ပါဝင်နေသည့် တရုတ်ပြည်သူ့သမ္မတနှင့်အိန္ဒိယ နိုင်ငံအကြားတွင် တည်ရှိနေပြီး ဧရာဝတီတိုင်းဒေသကြီးသည် ပင်လယ်ပြင်နှင့် ထိစပ်နေသည့်ဒေသ ဖြစ်ခြင်းကြောင့် ယင်းဆိပ်ကမ်းပြီးစီးပါက ကုန်ပစ္စည်းတင်သွင်းမှု ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

Infrastructure and Zones Read 46 times