စက္ကူပန်းနန်းတော်အပန်းဖြေဉယျာဉ် ကိုဗစ်အလွန်ကာလတွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိ

02 January, 2021

ကိုဗစ်အလွန်ကာလတွင် အများပြည်သူ အပန်းဖြေအနားယူနိုင်ရန်နှင့် ဦးပိန်တံတားနှင့် စစ်ကိုင်းတောင်အလှကို ကြည့်ရှုခံစားနိုင်ရန် မန္တလေးရတနာပုံတက္ကသိုလ်အနီးရှိ စက္ကူပန်းနန်းတော် အပန်းဖြေဉယျာဉ်ကို ဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

စက္ကူပန်းနန်းတော် အပန်းဖြေဉယျာဉ်ကို ၈ ဧက အကျယ်ရှိသောနေရာတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင် တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် သင်္ကြန်ကာလတွင် ဖွင့်လှစ်ရန်ပြင်ဆင်ထားခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် စက္ကူပန်းပင် စိုက်ပျိုးထိန်းသိမ်းခြင်းနှင့် အပန်းဖြေအနားယူနိုင်ရန် ပြင်ဆင်ရေးအပိုင်းကိုသာ တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပြီး ရာခိုင်နှုန်း ၇၀ ကျော် ပြီးစီးနေပြီဖြစ်သည်။

အဆိုပါဉယျာဉ်တွင် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ စက္ကူပန်းမျိုးစိတ်နှင့် မြန်မာနိုင်ငံမှ ဒေသ မျိုးရင်းတို့ဖြင့် မျိုးစိတ် ၇၀ ကျော်စိုက်ပျိုးထားပြီး အနီရောင်တွင် မျိုးကွဲခြောက်မျိုး၊ ခရမ်းရောင်တွင် မျိုးကွဲ ခြောက်မျိုးနှင့် အဝါရောင်၊ လိမ္မော်‌ရောင် မျိုးကွဲများဖြင့် စုစုပေါင်းအရောင်ကွဲ ၃၀‌ ကျော်ဖြင့် ရောင်းစုံပန်းခင်းကြီး ပမာ လှပလျက်ရှိနေသည်။

“စက္ကူပန်းနဲ့ ပတ်သက်ပြီး နိုင်ငံခြားကို သွားရောက်လေ့လာပြီးတော့မှ လွန်ခဲ့တဲ့ ၆ နှစ်ထဲက အစပျိုးခဲ့တာပါ။ တောင်သမန်သစ္စာ Resource စီမံကိန်းထဲမှာ ရှုခင်းကြည့်ရှုနိုင်ဖို့ ဆောင်ရွက်ရင်း ပန်းပင်တွေ စုဆောင်းခဲ့တာပါ။ မန္တလေးဟာ အပူပိုင်းဒေသဖြစ်တဲ့အတွက် ပန်းခြံကောင်းကောင်း လေ့လာစရာမရှိတာကြောင့် သဘာဝနဲ့ ကိုက်ညီတဲ့ စက္ကူပန်းခြံတည်ထောင်မယ်ဆိုတဲ့ စိတ်ကူးဖြစ်ပေါ်ခဲ့တာပါ။ လက်ရှိ အရောင်မျိုးစုံနဲ့ စက္ကူပန်းပင် တစ်သိန်းကျော်ရှိပါတယ်။ မန္တလေးမြို့ခံတွေ အပန်းဖြေအနားယူနိုင်အောင် စိတ်ကူးနဲ့ တည်ဆောက်ထားတာပါ။ ပန်းပင်ထိန်းသိမ်း စောင့်ရှောက်ခပဲရှိမှာပါ၊ ဒီအပေါ်မှာ အကျိုးအမြတ်အနေနဲ့ အခကြေးငွေယူဖို့မရှိပါဘူး။ ပြည်သူတွေ အပန်းဖြေစေလိုတဲ့ဆန္ဒတစ်ခုပါ”ဟု စက္ကူပန်းနန်းတော်အပန်းဖြေဉယျာဉ်မှ အထွေထွေမန်နေဂျာ ဦးစိုးဝင်းမောင်က ပြောပြသည်။

ဉယျာဉ်တွင် စက္ကူပန်းရောင်စုံရှုခင်းများ၊ စက္ကူပန်းနံရံ၊ စက္ကူပန်းဝင်္ကပါ၊ နောက်ခံရှုခင်းအလှများ၊ ကလေးကစားကွင်း၊ စားသောက်ဆိုင်၊ တောင်သမန်အင်းအလှနှင့် ဆည်းဆာအလှကို ကြည့်ရှုနိုင်သည့် တောင်ကုန်းငယ်တစ်ခုဖြင့် ပုံဖော်ထားသည်။

စက္ကူပန်းအလှကို တရုတ်နိုင်ငံတွင် အများဆုံးအသုံးပြုလျက်ရှိကာ အရှေ့တောင်အာရှနိုင်ငံများ၌ ၁၀ စုနှစ်အတွင်း ရှုခင်းအလှများကို စက္ကူပန်းဖြင့်သာ ပုံဖော်တည်ဆောက်မှု များလာကြောင်း၊ မြန်မာနိုင်ငံတွင် တစ်ခုတည်းသာရှိသော စက္ကူပန်းနန်တော်ဉယျာဉ်အတွက် ကိုင်းကူးနည်း၊ မျိုးယူနည်း၊ အပင်ပျိုးနည်းနှင့် ထိန်းသိမ်းခြင်းနည်းလမ်းများဖြင့် မျိုးရင်းများစုဆောင်းကာ ပန်းဉယျဉ်ကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်ရာ စက္ကူပန်းပင် တစ်သိန်းကျော်ဖြင့် စိုက်ပျိုးထားခြင်းဖြစ်သည်။

ဖွင့်လှစ်ပြီး အပန်းဖြေမှု များလာပါက ပန်းဉယျာဉ်နှင့်အတူ အသေးစားတိရစ္ဆာန်ဉယျာဉ်ကိုပါ ထည့်သွင်းတည်ဆောက်ရန် လျာထားကြောင်း သိရသည်။

စက္ကူပန်းနန်းတော်အပန်းဖြေဉယျာဉ်မှ ဦးပိန်းတံတားကိုတွေ့မြင်ရပြီး တောင်သမန်အင်းအတွင်း ဆောင်းခိုငှက် မျိုးစိတ်များ၊ စစ်ကိုင်းတံတားအလှ၊ မင်းဝံတောင်တန်းအလှ၊ စစ်ကိုင်းတောင်တန်းနှင့် ဆွမ်းဦးပုညရှင်စေတီတော်၊ ကျောက်တော်ကြီးဘုရား၊ မဟာဂန္ဓာရုံကျောင်းတိုက်နှင့် တောင်သမန်အင်း၏ ဆည်းဆာအလှတို့ကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။

စက္ကူပန်းနန်းတော်ဉယျာဉ်သည် မန္တလေးမြို့မှ ၅ မိုင်ကျော်ဝေးကာ ရတနာပုံတက္ကသိုလ်မှ တစ်မိုင်ခန့်နှင့် ဦးပိန်တံတား အရှေ့တောင်ဘက်တွင် တည်ရှိသောကြောင့် မန္တ‌‌လေးမြို့၏ သဘာဝအလှများကို ကြည့်ရှုခံစား အပန်းဖြေနိုင်သောနေရာတစ်ခုအဖြစ် ကိုဗစ်အလွန်ကာလတွင် တွေ့မြင်ရတော့မည်ဖြစ်သည်။

သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး

Mixed Use and Urban Read 621 times