အိမ်ခြံမြေ ဝယ်ယူ/ရယူ/လွဲှပြောင်းပြီး အမည်ပေါက် ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ရမည့်အချက်များ


20 January, 2020

ပြည်တွင်းအခွန်များဦးစီးဌာနတွင်-

-အိမ်ခြံမြေ ကာလတန်ဖိုးသတ်မှတ်ခြင်း၊

-ဝယ်ယူခြင်းအတွက် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေရှိ/မရှိစစ်ဆေးမှုခံယူ၍ ဝင်ငွေခွန်ကျသင့်ပါက ဝင်ငွေခွန်ပေးဆောင်ခြင်း၊

-သတ်မှတ်တန်ဖိုးအပေါ်တွင် ကျသင့်တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခြင်းတိုကို ဆောင်ရွက်ရပါမည်။

တင်ပြရန်လိုအပ်သည့် စာရွက်စာတမ်းများ

(၁) ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း
တည်ရှိသော အိမ်ခြံမြေဖြစ်ပါက အဆိုပါ စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနခွဲမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံ၊
မြေရာဇဝင်ပုံစံ-၁၀၅၊ ပုံစံ-၁၀၆မူရင်း/မိတ္တူ၊ ရန်ကုန်တိုင်းဒေသကြီး/မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို့နယ်များဖြစ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံ၊ မြေရာဇဝင် ပုံစံ-၁၀၅၊ ပုံစံ-၁၀၆ မူရင်း/မိတ္တူ၊

ဂရန်မရရှိသေးသော ခွင့်ပြုချထားမြေ ဖြစ်ပါက-

-မြေကွက်ချထားပေးသည့်အမိန့် မူရင်း/မိတ္တူ၊

-သက်ဆိုင်ရာမြေယာကော်မတီသို့ ပေးသွင်းသည့် မြေယာဖော်ထုတ်စရိတ်နှင့် မြေယာစီမံခန့်ခွဲမှု စရိတ်ပေးသွင်းသည့် ငွေသွင်းချလန် မူရင်းနှင့်မိတ္တူ၊

(၂) မေတ္တာဖြင့်ပေးကမ်းခြင်းဖြစ်ပါက ပေးကမ်းသူနှင့်လက်ခံသူ/လဲလှယ်ခြင်းဖြစ်ပါက လဲလှယ်သူနှစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ မူရင်း/ မိတ္တူ၊

(၃) မြေကွက် (သို.မဟုတ်) မြေနှင့်အဆောက်အအုံ ဓာတ်ပုံ (ရှေ့၊နောက်၊ဘေး ၂ဖက်)

(၄) မြေဌားစာချုပ် (ဂရန်) မူရင်း/မိတ္တူ၊

(၅) အရောင်းအဝယ်စာချုပ် သို့မဟုတ် မေတ္တာဖြင့် ပေးကမ်းခြင်း စာချုပ် သို့မဟုတ် လဲလှယ်သည့် စာချုပ် မူရင်း/မိတ္တူ၊

(၆) မေတ္တာဖြင့်ပေးကမ်းခြင်းဖြစ်လျှင် ပေးကမ်းသူ၏ အမွေဆက်ခံသူများရှိပါက ပေးကမ်းမှုကို သိရှိပါကြောင်းနှင့် ၎င်းတို့ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကြောင်း ကျမ်းကျိန်လွှာနှင့် ပေးကမ်းခြင်း မမြောက်သည့်အကြောင်း ပေါ်ပေါက်ပါက နိုင်ငံတော်၏ အခွန်ငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် ခံဝန်တင်သွင်းသည့်စာချုပ်၊

 

တန်ဖိုးကိုစိစစ်သတ်မှတ်ခြင်း

-စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀-၄-၂၀၁၇ ရက် နေ့ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၄၀/၂၀၁၇ ဖြင့် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။

ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့မှ

-လယ်ယာမြေမှအပ ကျန်မြေနှင့်အဆောက်အအုံများဝယ်ယူခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်ခြင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ မြေနှင့်အဆောက်အအုံ၏ ကာလတန်ဖိုးကို စိစစ်သတ်မှတ်ပေးမည် ဖြစ်ပါသည်။

-ကာလတန်ဖိုး စိစစ်သတ်မှတ်မှုခံယူပြီး တစ်နှစ်အတွင်း အခွန်စည်းကြပ်မှုခံယူရန် ပျက်ကွက်ပါက ကာလတန်ဖိုးစိစစ်သတ်မှတ်ချက်ကို ပယ်ဖျက်သွားမည် ဖြစ်ပါသည်။ တစ်နှစ်ကျော်မှ အခွန်စည်းကြပ်မှုခံယူမည်ဆိုပါက လက်ရှိကာလတန်ဖိုး ပေါက်ဈေးဖြင့် အစားထိုးပြန်လည် တန်ဖိုးသတ်မှတ်သွားမည် ဖြစ်ပါသည်။

-ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးစည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များအနေဖြင့် တိုင်းဒေသကြီးကာလ တန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိမြို့နယ်များနှင့် ကျန်တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိမြို့နယ်များဖြစ်ပါက မြို့နယ်ကာလ တန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့များကလည်းကောင်း ကာလတန်ဖိုးစိစစ် သတ်မှတ်ပေးပါသည်။

 

ပေးဆောင်ရမည့်အခွန်တွက်ချက်ခြင်း

အိမ်ခြံမြေဝယ်ယူသူ အနေဖြင့် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်သည့် ဝယ်ယူတန်ဖိုးအပေါ် မိမိအနေဖြင့်တင်ပြနိုင်သည့် ဝင်ငွေရလမ်း အထောက်အထားများတင်ပြပြီး ဝင်ငွေခွန် ရှင်းလင်းပေးဆောင်ရန် လိုအပ်ပါသည်။ (နှစ်စဉ်ပြဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ နှုန်းထားများအတိုင်း ပေးဆောင်ရမည် ဖြစ်ပါသည်။)

-မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မည်သည့်မြို့နယ်တွင် တည်ရှိသည့် အိမ်၊ခြံ၊မြေ အဆောက်အအုံကို ဝယ်ယူသည်ဖြစ်စေ၊ လဲလှယ်သည်ဖြစ်စေ သတ်မှတ်သည့် ကာလတန်ဖိုးအပေါ်တွင် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်းအပြင် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း ၊ စုစုပေါင်း ၄ ရာခိုင်နှုန်းကို ပေးဆောင်ရပါမည်။

-မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက တွက်ချက်ထုတ်ပေးသည့် ဝင်ငွေခွန်နှင့်တံဆိပ်ခေါင်းခွန် ငွေသွင်းချလန်တို့ဖြင့် သက်ဆိုင်ရာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ရပါမည်။

-မြန်မာ့စီးပွားရေးဘဏ်သို့ ငွေပေးသွင်းပြီးသည့် ဝင်ငွေခွန်ချလန်နှင့် တံဆိပ်ခေါင်းခွန်ချလန်ဖြတ်ပိုင်း မူရင်း/မိတ္တူ အား မြို့နယ်အခွန်ဦးစီးဌာနရုံးတွင် ပြသ၍ စာချုပ်ချုပ်ဆိုရန် တံဆိပ်ခေါင်းများ ထုတ်ယူရပါမည်။ (မေတ္တာဖြင့် ပေးကမ်းခြင်းဖြစ်ပါက ဝင်ငွေခွန် ပေးဆာင်ရန်မလိုပါ။)

(မိမိဝယ်ယူ/ရယူသည့် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် သတ်မှတ်စံနှုန်းများအား ကြော်ငြာသင်ပုန်းတွင် ဖော်ပြထားပါသည်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက်စံနှုန်းများ၊ အဆောက်အအုံပါရှိခြင်းအတွက် အဆောက်အအုံအမျိုးအစားအလိုက် သတ်မှတ်စံနှုန်းများ ( တစ်ပေလျှင် မည်မျှကုန်ကျမည့် တွက်ချက်သည့် PAE နှုန်း) တို့ကို ဖတ်ရှုပြီး တွက်ချက်နိုင်ပါသည်။)

-အိမ်ခြံမြေကို ဝယ်ယူ/ရယူသူများအနေဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃အရ ဝင်ငွေခွန်တောင်းခံလွှာပုံစံ ပတခ (ဝင) - ၈ နှင့်အတူ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ပြီးသည့် ကျသင့်ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်ချလန်ဖြတ်ပိုင်းမူရင်းများ၊ တံဆိပ်ခေါင်းခွန် အပြည့်အဝ ကပ်နှိပ်ထမ်းဆောင်ထားသည့် စာချုပ်စာတမ်းမူရင်းများနှင့်တကွ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များဖြစ်ပါက စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြို့နယ်များ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိမြို့နယ်များဖြစ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံးများသို့ သွားရောက်မှတ်ပုံတင်ရမည် ဖြစ်ပါသည်။

Source: ပြည်တွင်းအခွန်များဦးစီးဌာန

How To Laws and Regulations Read 425 times