အိမ်ခြံမြေဝယ်ယူ/ ရယူ/ လွဲပြောင်းပြီးနောက် အမည်ပေါက်ပိုင်ဆိုင်ရန် ဆောင်ရွက်ရမည့်အချက်များ


20 January, 2020

အိမ်ခြံမြေဝယ်ယူ/ ရောင်းချ/ လဲလှယ်ခြင်းအတွက် အခွန်ထမ်းအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

- အိမ်ခြံမြေဝယ်ယူ/ ရယူသူသည် (ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် နေထိုင်သူဖြစ်ပါက)

တိုင်းဒေသကြီးကာလ တန်ဖိုးစိစစ် သတ်မှတ်ရေးအဖွဲ့သို့ သွားရောက်ရမည်ဖြစ်ပြီး အိမ်/မြေ/အဆောက်အအုံ/တိုက်ခန်းအား တန်ဖိုးသတ်မှတ်ပေးပါရန် တင်ပြရပါမည်။

-အိမ်ခြံမြေဝယ်ယူ/ ရယူသူသည် (ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေး နယ်နိမိတ်အပြင်နှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် နေထိုင်သူဖြစ်ပါက)

မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်ရမည်ဖြစ်ပြီး အိမ်/မြေ/အဆောက်အအုံ/တိုက်ခန်းအား တန်ဖိုးသတ်မှတ်ပေးပါရန် တင်ပြရပါမည်။

ကာလတန်ဖိုးစိစစ်သတ်မှတ်ပေးပါနိုင်ရန် တင်ပြစာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲတင်ပြရပါမည်။

(၁) မြေပုံ၊ မြေရာဇဝင် ပုံစံ-၁၀၅၊ ပုံစံ-၁၀၆ မူရင်း/ မိတ္တူ

(၂) မြေငှားစာချုပ် (ဂရန်) မူရင်း/ မိတ္တူ

(၃) အရောင်းအဝယ်စာချုပ် မူရင်း/ မိတ္တူ

(၄) မြေ/ အဆောက်အအုံဓာတ်ပုံ (ရှေ့၊ နောက်၊ ဘေး ၂ ဖက်)

(၅) ဝယ်ယူသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/ မိတ္တူ

(၆)အိမ်ထောင်စုလူဦးရေစာရင်း မူရင်း/ မိတ္တူ

(၇) ကိုယ်စားဆောင်ရွက်သူဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ မူရင်း/ မိတ္တူ၊ ကိုယ်စားလှယ်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ

တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ရုံး/ မြို့နယ်အခွန်ဦးစီးဌာနရုံးမှ

အိမ်/ မြေ/ အဆောက်အအုံ၏ ကာလတန်ဖိုးစိစစ်သတ်မှတ်ပေးရန် တင်ပြစာရရှိသည့်နေ့မှ ရက်သတ္တပတ် (၂) ပတ်အတွင်း ပြီးပြတ်အောင်တန်ဖိုးသတ်မှတ် စိစစ်ပေးမည်။

ကာလတန်ဖိုးစိစစ်သတ်မှတ်ချက်ကို ပုံစံ တစဖ-၃ ဖြင့် အခြေပစ္စည်းတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ အကြောင်းကြားပေးပို့မည်။

အခွန်ထမ်းသည် ကာလတန်ဖိုးစိစစ်သတ်မှတ်သည့် ဘဏ္ဍာနှစ်အတွင်း သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးတွင် အခွန်စည်းကြပ်မှုကို ခံယူရပါမည်။

ဘဏ္ဍာနှစ်ကျော်မှ အခွန်စည်းကြပ်မှုခံယူမည်ဆိုပါက လက်ရှိကာလတန်ဖိုးပေါက်ဈေးဖြင့် အစားထိုးပြန်လည်တန်ဖိုးသတ်မှတ်မည် ဖြစ်ပါသည်။

How To Read 357 times