ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လူကူးလမ်းအတွက် ငွေကျပ် ၂ ဘီလျံကျော်ဖြင့် တည်ဆောက်မည်


16 December, 2020

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမကြီးအောက်မှဖြတ်၍ TTC နှင့် Junction Square သို့ ချိတ်ဆက်ကာ မြေအောက်လူကူးလမ်းအတွက် ငွေကျပ် ၂ ဘီလျံကျော် အသုံးပြု ဖောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

မြေအောက်လူကူလမ်းအကျယ်မှာ ၇၇ ပေရှိ၍ အမြင့် ၁၀ ပေရှိကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ငွေကျပ် ၂ ဒသမ ၁၅ ဘီလျံ အသုံးပြုဆောင်ရွက်နေခြင်း ဖြစ်သည်။

အဆိုပါမြေအောက်လမ်းတည်ဆောက်ခြင်းလုပ်ငန်းများတွင် လမ်း၏ ဘယ်၊ ညာတွင် မသန်စွမ်းများ သွားလာမှု အဆင်ပြေစေရန်အတွက် စက်လှေကားများ ထည့်သွင်းထားခြင်း၊ လုံခြုံရေးစနစ်အရ ဈေးဆိုင်ခန်းများ တည်ဆောက်ခြင်းအပါအဝင် လျှပ်စစ်မီးပြတ် တောက်မှုမရှိစေရန် အလိုအလျောက် လျှပ်စစ်မီးပေးနိုင်သည့် အရန်မီးစက်များပါ ထည့်သွင်းခြင်း၊ စီမံကိန်းအတွင်းမှ သစ်ပင် ၄၆ ပင်ကို လှော်ကားဥယျာဉ်အတွင်း ပြောင်းရွေ့စိုက်ထားခြင်း၊ အထဲတွင် လေထုညစ်ညမ်းမှုအတွက် ဆောင်ရွက်ထားခြင်း စသည်တို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယာဉ်ကြောခြောက်လမ်းရှိသည့် ပြည်လမ်းမတွင် မြေအောက်လမ်းကူး တည်ဆောက်ရေးလုပ်ငန်းအရ တစ်လမ်းပိတ်စနစ် ဆောင်ရွက်မည်ဖြစ်ပြီး ငါးလမ်းသာ အသုံးပြု ရမည်ဖြစ်ကြောင်းသိရသည်။

မြေအောက်လမ်းတည်ဆောက်ခြင်း စီမံကိန်းနှင့် ပတ်သက်၍ '' ၂၁ ရက်နေ့မှာ စပြီးတော့ လမ်းလွှဲကို လုပ်မှာဖြစ်ပါတယ်။ မင်္ဂလာဒုံဘက်ကနေ မြို့ ထဲပိုင်းကို လာတဲ့သူတွေက လမ်း ၃ လမ်းအသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ အဲဒီအတိုင်းဆက် ပြီးသွားမှာပါ။ UnderPass လုပ်တဲ့အတွက် ယာဉ်ကြောကျပ်တည်းမှုကလည်း ဖြစ်မှာ မဟုတ်ပါဘူး။ မြေငလျင်နဲ့ပတ်သက်ပြီး Underpass ကို တည်ဆောက်ထားတာဖြစ်တဲ့အတွက် စိတ်ချလက်ချနဲ့ နိုင်ငံတကာအဆင့်မီ Underpass ကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ အလိုအလျောက် ထလည်တဲ့ မီးစက်တွေကိုလည်း တပ်ထားမှာဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုကအစ အားလုံးအဆင်ပြေအောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ Underpass ပြီးသွားရင် မကြာခဏ ဖြစ်နေတဲ့ ယာဉ်တိုက်မှုတွေလည်း လျော့ချသွားမှာပါ '' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (၇) ဦး ဝင်းမြင့်သန်းက ပြောသည်။


လက်ရှိတွင် TTC ဘက်ခြမ်းတွင် လမ်းလွှဲများ ပြုလုပ်နေပြီး မြေတူးဖော်ရေးနှင့် မြေညှိခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး ယခုနှစ်အကုန်တွင် အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

Factory and Industrial Plant Local Read 71 times